ဘီလားရုစ်မှာ ရုရှား နျူလက်နက်တွေ ဖြန့်ကျက်မယ့်ကိစ္စ ရုရှားနဲ့ အမေရိကန် ကုလသမဂ္ဂမှာ အငြင်းအခုံဖြစ်

ဧပြီ၊ ၁

ဘီလားရုစ် နိုင်ငံမှာ ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မယ့် ကိစ္စအပေါ် ကုလသမဂ္ဂမှာ ရုရှားနဲ့ အမေရိကန်တို့ အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။

အခု သီတင်းပတ်ထဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မဟာမိတ် ဘီလားရုစ် နိုင်ငံကို ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ဖြန့်ကျက် ပို့ဆောင်သွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းက အဲဒီ ကိစ္စကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ရုရှားဟာ စစ်ရေးအရ ရှုံးနိမ့်မှုကို သွေးရူးသွေးတမ်း ရှောင်လွှဲတဲ့ အနေနဲ့ ကမ္ဘာကြီးကို နျူကလီးယား ကပ်ဘေးထဲ ဆွဲသွင်းနေတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ရုရှားနဲ့ ရင်းနှီးတဲ့ တရုတ် အစိုးရကလည်း ရုရှားကို တိုက်ရိုက် ရည်ညွှန်းတာမျိုး မဟုတ်ပေမယ့် နိုင်ငံတခုရဲ့ နျူကလီးယား လက်နက်တွေ တခြားနိုင်ငံ တခုဆီ ဖြန့်ကျက် ပေးပို့တာမျိုးကို မထောက်ခံဘူးလို့ ကုလသမဂ္ဂမှာ ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဗက်ဆီလီ နီဘန်ဇီရာက ရုရှားဟာ နျူကလီးယား လက်နက်တွေကို လက်လွှဲပေးနေတာ မဟုတ်သလို နိုင်ငံတကာ စံနှုန်းတွေကိုလည်း ချိုးဖောက်မှု မရှိကြောင်း၊ အဲဒီ လက်နက်တွေဟာ ရုရှားရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေမှာ ဖြစ်ကြောင်း၊ ရုရှားက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု လုံးဝ မရှိမှန်း သိလျက်နဲ့ အမေရိကန်ဟာ နောက်ကွယ်ကနေ ဒီကိစ္စကို ပုံကြီးချဲ့နေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ NATO အဖွဲ့ဝင် နိုင်ငံတွေမှာ သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို ဖြန့်ကျက်နှင့်ပြီး ဖြစ်တယ်လို့လည်း နီဘန်ဇီရာက ထောက်ပြခဲ့ပြီး ရုရှားနဲ့ ရယူထားတဲ့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက်တွေကိုလည်း အမေရိကန်ကပဲ ဖောက်ဖျက်ခဲ့တာလို့လည်း စွပ်စွဲသွားပါတယ်။

အမေရိကန်ရဲ့ ဒုတိယ သံအမတ်ကြီး ရောဘတ်ဝုဒ်ကတော့ အမေရိကန်ဟာ NATO နိုင်ငံတွေဆီ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မှုမှာ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှု စာချုပ်တွေနဲ့အညီ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ရုရှားရဲ့ လုပ်ရပ်နဲ့ အခြေအနေချင်း မတူညီကြောင်း၊ ရုရှားဟာ စစ်ပွဲကာလမှာ အခုလို အန္တရာယ်များတဲ့ ခြေလှမ်းမျိုးဆီ ဦးတည်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရုရှားဟာ နျူကလီးယား ပဋိပက္ခကြီးတခု ပေါ်ပေါက်လာအောင် လှုံ့ဆော်နေတာလို့လည်း သူက စွပ်စွဲခဲ့ပါတယ်။ ယူကရိန်းအပါအဝင် ဘယ်နိုင်ငံကမှ ရုရှားနဲ့ သမ္မတ ပူတင်ကို ခြိမ်းခြောက်ခဲ့တာ မဟုတ်ဘဲ ပူတင်က ရုရှားရဲ့ လုံခြုံရေးကို အကြောင်းပြပြီး နျူကလီးယား လက်နက်တွေ ပြည်ပမှာ ဖြန့်ကျက်တယ်ဆိုတာ အဓိပ္ပါယ် ကင်းမဲ့လွန်းကြောင်း သူက ပြောကြားသွားပါတယ်။

Ref: AP