မတ်၊ ၃၁
မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုး ဘုရားတောင်ပေါ်အနီးရဟတ်ယာဉ်ကွင်းနေရာကိုပြီးခဲ့တဲ့မတ်လ၂၉ ရက်ကစပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးအချို့တပ်ဆင်ထားတဲ့အပြင်တောင်ပေါ်အနီးတဝိုက်ကို အင်အား ၁၀၀ ဝန်းကျင်ဖြင့်တပ်စွဲထားတယ်လို့တောင်ပေါ်စျေးဆိုင်ရှင်တွေပြောပါတယ်။
” အမြှောက်တွေလားတော့မပြောတတ်ဘူး။ လာဆင်သွားတယ်။ သူတို့(စစ်တပ်)ပြောတာ အနီးကရွာတွေမှာPDF စခန်းတွေရှိလို့ပစ်ခတ်ဖို့လုပ်နေတာကြားခဲ့ရတယ်။ လက်နက်ကြီးတပ်ပြီးနောက်ပိုင်းရဟတ်ယာဉ်ကွင်းဘက်ကိုဘယ်သူမှလာခွင့်မပေးဘူး” လို့သူမကပြောပါတယ်။
ဒါ့အပြင် ကျိုက်ထီးရိုးဘုရား တောင်အနီးကပီတိ ၊မာလာဖူး ၊ချောင်းကွေ့ ၊ ရေဝေ၊ရဲသောင်၊ မဲပျော့၊မိုးဘောနဲ့ကျောက်ဖျာစတဲ့ကျေးရွာတွေဘက်ကိုစစ်ကောင်စီတပ် လက်နက်ကြီးချိန်ရွယ်ထားတာဖြစ်ပြီး ရသေ့တောင်အနီးမှာလည်း ကားဂိတ်လက်နက်ကြီးတချို့တပ်ဆင်ထားတာရှိနေတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။
ရသေ့တောင်တက်ကားဂိတ်စခန်းအနီးမှာပြီးခဲ့တဲ့မတ်လ ၂၈ ရက်ကစပြီးလက်နက်ကြီးတွေတပ်ဆင်ထားတာဖြစ်ကာစစ်ကောင်စီတပ်အင်အား၁၀၀ ဝန်းကျင် ကို ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းတလျှောက်အပါအဝင် ကျီးကန်းပါးစပ်နဲ့ရသေ့တောင်အနီးတဝိုက်မှာကင်းပုန်းဝပ်စောင့်နေတာတွေ့ရှိခဲ့ရတယ်လို့ မျက်မြင်ကြုံတွေ့ရတဲ့ရသေ့တောင်အနီးနေထိုင်သူတဦးကဆိုပါတယ်။
“ကားဂိတ်အနားမှာလက်နက်ကြီးလာတပ်ထားတာတွေ့ရတယ်။စစ်သားတွေအင်အားအများကြီးရသေ့တောင်နေရာရယ်ဘုရားဘက်တက်တဲ့ကားလမ်းမအနီးနေရာတွေမှာကင်းပုန်းဝပ်နေတာတွေ့ခဲ့ရတယ်” လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်တွေအနေနဲ့ကျိုက်ထီးရိုးဘုရားအနီးတဝိုက်မှာလက်နက်ကြီးတပ်ဆင်တာတွေဟာလတ်တလောအတွင်းတိုက်ပွဲဖြစ်ပွားပါကအနီးအနားကကျေးရွာတွေအပေါ် ပြန်လည်တုံ့ပြန်ပစ်ခတ်နိုင်တဲ့အတွက်ဒေသခံတွေအနေနဲ့သတိပြုနေထိုင်ကြဖို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့(KRF) ကသတိပေးပြောဆိုပါတယ်။
ကျိုက်ထီးရိုးဘုရားတောင်အနီးတဝိုက်ကိုလက်နက်ကြီးတပ်ဆင်တာအင်အားဖြည့်တင်းတာတွေပြုလုပ်နေတဲ့အတွက်မနေ့ မတ်လ၃၀ ရက်ကစပြီးဘုရားဖူးခရီးသည်တွေလာရောက်မှုတွေလျော့နည်းလာတယ်လို့ကင်းမွန်စခန်းအနီးတောင်တက်ကားဂိတ်ယာဉ်မောင်းတွေကဆိုပါတယ်။
” ဘုရားဖူးခရီးသည် တွေလျော့သွားတယ်။အရင်က တရက်ကို ခရီးသည်၄ဝဝဝန်းကျင်လောက်ရှိတာ။အခု ခရီးသည် ၂၀၀ ဝန်းကျင်လောက်ပဲစီးဖြစ်တော့တယ်။စိုးရိမ်နေကြတာလည်းပါမယ်” လို့ ကင်းမွန်စခန်းတောင်တက်ကားဂိတ်ရှိယာဉ်မောင်းတဦးကဆိုပါတယ်။
ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊အောက်တိုဘာလအတွင်းကလည်း ကင်းမွန်စခန်းအနီးတောင်တက်ကားဂိတ်ပစ်ခတ်ခံရပြီး ဘုရားဖူး ၃ ဦးသေဆုံးပြီးရဲတပ်သားတဦးအပါအဝင် အရပ်သား၁၇ ဦးဒဏ်ရာရတယ်လို့စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်ကို ကျိုက်ထီးရိုးဘုရားတောင်ပေါ်အနီးတဝိုက်နဲ့ အနီးကျေးရွာတွေအပေါ်စစ်ကြောင်းထိုးခဲ့တာတွေကြောင့်ကေအန်ယူတပ်မဟာ ၁ KNLA၊ PDF ပူးပေါင်းအဖွဲ့ တွေကြားတိုက်ပွဲဖြစ်ပွားတာရှိခဲ့ပါတယ်။