မန္တလေးက ရွှေဆိုင်ဓားပြတိုက်သူတွေထဲက နှစ်ယောက်ထွက်ပြေးရန်ကြိုးစားလို့ဆိုပြီး ရဲက ပစ်သတ်ခဲ့ဟုဆို

မတ်၊ ၃၁

မန္တလေးမြို့က စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းကို ဓားပြတိုက်ခဲ့သူတွေ ထဲကဖမ်းဆီးရမိသူလေးယောက်အနက် တရားခံ နှစ်ယောက်ကို ထွက်ပြေးရန်ကြိုးစားလို့ဆိုပြီး ရဲကပစ်သတ်ခဲ့တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့က ညပိုင်းက ဓားမြတိုက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရားခံ ဆန်းဝင်း(ဓားပြခေါင်းဆောင်)နဲ့တင်စိုး ဆိုသူတို့ရဲ့ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက် ၁၃၁လမ်း ၄၈ လမ်း နဲ့ ၄၉ လမ်းကြားရှိ သစ်ပင်အောက်မှာ သိမ်းဆည်းထားတဲ့ ဗုံး နှစ်လုံးကို သွားရောက်သိမ်းဆည်းစဉ် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြတာလို့ ဆိုပါတယ်။

တရားခံ တင်စိုးဆိုသူက လက်ထိပ်ခတ်ထားတဲ့ လက်နဲ့ သေနတ်လုရန်ကြိုးပမ်းခဲ့သလို ဆန်းဝင်းဆိုသူကလည်း လက်ပစ်ဗုံးကို ပေါက်ကွဲရန်လုပ်ဆောင်ခဲ့လို ပစ်ခတ်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

” တရားခံ တယောက်ထွက်ပြေးဖို့ ကြိုးစားလာရင်တော့ သူနဲ့အတူပါတဲ့ ရဲမှာတာဝန်အများကြီးရှိတယ်ပေါ့။ တကယ်လို့ လွတ်မြောက်သွားတယ်ဆို အရေးယူခံရနိုင်တာပေါ့။ ကျနော်သိရသလောက် အဲဒီတရားခံတွေက ထောင်ထွက်တွေ၊လွတ်ငြိမ်းနဲ့ ထွက်လာတဲ့သူတွေပေါ့။ စကစကလည်း သူတို့လုပ်ထားတဲ့ အမှုတွေအများကြီးလိုပြောထားတယ် ။သူတို့ကိုအကုန်ခေါင်းခံခိုင်းလို့ ထွက်ပြေးဖို့လုပ်တာလည်းဖြစ်နိုင်သလို ရဲတွေကလည်း တမင်သတ်လိုက်တာလည်းဖြစ်နိုင်ပါတယ် ” CDM ရဲအရာရှိတဦးက သုံးသပ်ပါတယ်။

သူတို့ဟာဒီလ ၂၇ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ အကွက်အမှတ်(၅၇၅)၊ ၈၅ (A)လမ်း၊ ၃၁x ၃၂ လမ်းကြားရှိ  စိန်ကျော်မိုး ရွှေသန့်စင် လုပ်ငန်းရှေ့မှာ အမျိုးသား ၄ ဦးက ကားတစီးနဲ့ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်က ငွေကျပ်သိန်း ၁၂၀၀ ကိုဓားမြတိုက်ယူခဲ့တာပါ။

အဲဒီနောက် ဓားမြတိုက်မှုမှာပါတဲ့ နှစ်ယောက်ကို ပြည်ကြီးတံခွန်မြို့ နယ်၊ ၅၁ လမ်း၊ ၁၃၅ x ၁၃၆ လမ်းကြားရှိခြံဝင်းအတွင်းမှာ ညတွင်းချင်းဖမ်းဆီးရမိခဲ့ပြီးနောက်ထပ်နှစ်ဦးစုစုပေါင်းလေးဦးဖမ်းဆီးရမိတယ်လို့စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

အဲဒီတရားခံလေးဦးကိုPistol နှစ်လက်၊ ခြောက်လုံးပြူးတလက်၊ကိုးမမကျည် ၄၃ထောင့်၊ ငွေကျပ်၈၃၅သိန်းအပါအဝင်မော်တော်ကား၊မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိတယ်လို့လည်းပါရှိပါတယ်။

စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိတဲ့ တရားခံတွေဟာဒေါ်တောမုန့်တီဆိုင်ကို ဓားမြတိုက်မှုအပါအဝင် စုစုပေါင်း ဓားမြမှုသုံးမှုကို ကျူးလွန်ခဲ့သလို ဓားမြတိုက်စဉ်မှာ အစ်မဖြစ်သူအိမ်ရောက်နေတဲ့ရဲအရာရှိတဦးကိုလည်းပစ်သတ်ခဲ့ပြီး ခြောက်လုံးပြူးသေနတ်ကိုယူဆောင်သွားသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီရဲအရာရှိရဲ့အစ်မဖြသူအိမ်ကဓားမြတိုက်ရာတွင် ရရှိခဲ့တဲ့ ရွှေထည်ပစ္စည်းတွေကိုသိန်းရှစ်ဆယ်၊ ဒေါ်တောမုန့်တီဆိုင်ကရတဲ့ရွှေတွေကို သိန်း၄၀နဲ့စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်းမှာရောင်းချခဲ့တဲ့ အတွက် အဲဒီလုပ်ငန်းကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်မယ့်လို ထုတ်ပြန်ထားပါတယ်။

အဲဒီဓားမြမှုတွေကျူးလွန်ရာမှာပါဝင်တဲ့လွတ်မြောက်နေတဲ့အခြားတရားခံနှစ်ဦးကိုလည်းဖမ်းဆီးရမိဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။