မတ်၊ ၃၁
အိန္ဒိယက ဟိန္ဒူ ဘုရားကျောင်း တခုမှာ ရေတွင်းပေါ် မိုးကာထားတဲ့ အခင်းကျိုးကျပြီး ရေတွင်းထဲ ပြုတ်ကျလို့ ဘုရားဖူး ၃ ဒါဇင်နီးပါးလောက် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
မတ် ၃၀ က မက်ဒ်ဟာရာ ပရာဒက်ရှ် ပြည်နယ်ထဲက ဘုရားကျောင်း တခုထဲမှာ ဆိုးရွားတဲ့ မတော်တဆမှုနဲ့ ကြုံခဲ့တာပါ။ မြေကြီးမှာ တူးထားတဲ့ လေးထောင့်ပုံ ရေတွင်းကြီးပေါ်က အခင်းကို လူတွေ စုဝေး တက်နင်းမိရာက ရုတ်တရက် ကျိုးကျသွားတာလို့ မျက်မြင်တွေက ပြောပါတယ်။
နောက်တနေ့ မနက်ထိ အခြေအနေအရ လူ ၃၅ ဦးလောက်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပြီး ရေတွင်း အောက်ခြေမှာ နောက်ထပ် သေဆုံးသူတွေ ရှိနေဦးမလား ဆိုတာကို ကယ်ဆယ်ရေးတွေက လိုက်လံ စစ်ဆေးနေပါတယ်။ ၁၄ ယောက်လောက်ကိုတော့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အင်ဒိုရီမြို့က ဘုရားကျောင်း တခုရဲ့ အောက်ခြေမှာ ရေလှောင်ကန်၊ ရေအရင်းအမြစ် သိုလှောင်ရာ နေရာအဖြစ် အဲဒီရေတွင်းကြီးကို တူးထားတာပါ။ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ချိန်မှာ ရေတွင်းထဲက ရေတွေကိုလည်း စုပ်ထုတ်ပစ်ခဲ့ရပါတယ်။
လက်ရှိ အချိန်မှာတော့ အဲဒီ ဘုရားကျောင်းနဲ့အတူ အိန္ဒိယ နိုင်ငံ တနံတလျားက ဘုရားကျောင်း အများအပြားဟာ နတ်ဘုရား Ramရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့ Ram Navami ဘာသာရေး ပွဲတော်ကို ကျင်းပနေကြပါတယ်။ အခုဖြစ်စဉ်ကလည်း ဘုရားကျောင်းထဲမှာ ဝတ်ပြုသူတွေ အများအပြား စုဝေးနေတဲ့ အချိန်မျိုးမှာ ပေါ်ပေါက်ခဲ့လို့ အသေအပျောက် ပိုများသွားခဲ့တာပါ။
အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ဒီလို သတင်းဆိုးမျိုးကို ကြားသိခဲ့ရတဲ့အတွက် ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ စာနာ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြည်နယ် အစိုးရ အဖွဲ့ကတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို နစ်နာကြေး ထောက်ပံ့မယ်လို့ ကြေညာပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ကတိပြုထားပါတယ်။