မြောက်ကိုရီးယားဆီက လက်နက်တွေကို ရိက္ခာနဲ့ လဲလှယ်ဖို့ ရုရှား ကြိုးစားနေကြောင်း အမေရိကန် စွပ်စွဲ

မတ်၊ ၃၁

ရုရှားဟာ စစ်လက်နက်တွေကို ရိက္ခာနဲ့ အလဲအလှယ် လုပ်နိုင်ရေး ညှိနှိုင်းဖို့ မြောက်ကိုရီးယားဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

 အဲဒီ ရုရှား ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ စစ်လက်နက်တွေကို ရုရှားဆီ တင်သွင်းရေး ကိစ္စ စည်းရုံးဖို့ ပြုံယမ်းကို သွားရောက်ခဲ့တာလို့ အမေရိကန် အမျိုးသား လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဆိုပါတယ်။

 ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ အလွန်အကျွံ အသုံးပြုနေရတာကြောင့် စစ်လက်နက် သိုလှောင်မှုတွေ လျော့နည်းပြီး အရေးပေါ် ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ တဖက်မှာတော့ မြောက်ကိုရီးယားဟာ စားနပ်ရိက္ခာ ပြတ်လပ်ပြီး ပြည်သူတွေ အငတ်ဘေးဆိုက်မယ့် အခြေအနေ ကြုံနေတယ်လို့ ယုံကြည်ရပါတယ်။

 အစောပိုင်းတုန်းက မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရုရှား ကြေးစားတပ်ဖွဲ့ Wagnerအတွက် စစ်လက်နက်တွေ ထောက်ပံ့နေကြောင်း အမေရိကန်က စွပ်စွဲခဲ့ဖူးပေမယ့် မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပါတယ်။

 အခုအခါမှာတော့ ရုရှားဟာ မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ကို အခွင့်ကောင်းယူပြီး နောက်တကြိမ် ညှိနှိုင်းဖို့ အားထုတ်လာတာ ဖြစ်တယ်လို့ ကာဘီက ပြောပါတယ်။ ပြီးတော့ မြောက်ကိုရီးယားနဲ့ ရုရှားကြား စစ်လက်နက် အလွှဲအပြောင်းလုပ်တဲ့ ဘယ်လို ကိစ္စမဆို ကုလသမဂ္ဂရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်ရာ ရောက်လာမယ်လို့လည်း အမေရိကန်ဖက်က သတိပေးသွားပါတယ်။

 မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတခုဖြစ်ပြီး ဆိုးဆိုးရွားရွား ရိက္ခာပြတ်လပ်မှုတွေကို ဆယ်စုနှစ် အဆက်ဆက် ကြုံတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ၁၉၉၀ ပြည့်လွန် အလယ်ပိုင်း နှစ်တွေကနေ နှောင်းပိုင်းနှစ်တွေအထိ ပြည်တွင်းမှာ အပြင်းအထန် အငတ်ဘေး ဆိုက်မှုတွေ ကြုံတွေ့ခဲ့ဖူးပါတယ်။

 ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေကို ဆန်းစစ်ကြည့်တဲ့နောက် မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုဟာ ၂၀၂၂ ခုနှစ်မှာ ၂၀၂၁ တုန်းကထက် တန်ချိန် ၁၈၀၀၀၀ လောက် လျော့ကျသွားနိုင်တယ်လို့ တောင်ကိုရီးယားက သုံးသပ်ထားပါတယ်။ ဒီအခြေအနေက ပြည်တွင်း အငတ်ဘေးဆိုက်မှု အန္တရာယ်ကို ပိုမို ဆိုးရွားသွားစေမယ့် သဘောပါပဲ။

 သီးခြား ဖြစ်စဉ် တခုအနေနဲ့ မတ် ၃၀ က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ပွဲစားလုပ်ပေးခဲ့တဲ့ ဆလိုဗက်ကီးယား နိုင်ငံသား တဦးကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ် အေရှော့တ် မတ်ခ်တီရှက်ဗ်ဟာ ၂၀၂၂ နှစ်ကုန်ပိုင်းကနေ ၂၀၂၃ နှစ်ဆန်းပိုင်းထိ ကာလတွေအတွင်း မြောက်ကိုရီးယားဆီက စစ်လက်နက်တွေ ရုရှားဆီ တင်ပို့ရေးအတွက် လော်ဘီလုပ်ပြီး စည်းရုံးပေးခဲ့တယ်လို့ သိရပါတယ်။