ညောင်တုန်းမှာဖမ်းဆီးခံထားရတဲ့ ဒေသခံနှစ်ဆယ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်

မတ်၊ ၃၀
 
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်က CDM (Civil Disobedience Movement) ပညာရေးဝန်ထမ်း ၃ ဦးအပါအဝင် ဒေသခံနှစ်ဆယ်ဦးကို စစ်ကောင်စီက မတ်လ ၂၈ရက် မှာ
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်တရားစွဲဆိုထားတယ်လို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်၊ ည ၉နာရီအချိန်မှာ ညောင်တုန်းမြို့နယ်၊ ကုန်းဝဲဒေါင့်ကျေးရွာက လူငယ်တဦး ဖမ်းဆီးခံရပြီးနောက် မတ်လ ၂၆ရက်ညပိုင်းမှာ မြို့တွင်းရပ်ကွက်နေရာအလိုက် ဧည့်စာရင်းစစ်ဆေးကာ CDM ပညာရေးဝန်ထမ်း သုံးဦးအပါအဝင် မြို့ခံ ၂၀ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
အဲဒီဖမ်းဆီးခံထားရတဲ့ဒေသခံ ၂၀ ဦးကို ညောင်တုန်းမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းခဲ့ကာ စစ်ကြောရေးပြုလုပ်ပြီးနောက် မနေ့မှာတော့ PDF အဖွဲ့တွေကို ထောက်ပံ့တယ်လို့ အကြောင်းပြချက်နဲ့ ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိချမှတ်နိုင်တဲ့ အကြမ်းတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရတာလို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ မိသားစုဝင်တဦးက ပြောပါတယ်။
 
” အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်တယ်လို့ ကြားမိတယ်။ ရဲစခန်းကို သွားတာ မိသားစုနဲ့တော့ ပေးမတွေ့ဘူး။ အခြေအနေကိုလည်း ပေးမသိဘူး ” လို့ သူမကပြောပါတယ်။
 
အဲဒီဖမ်းဆီးမှုကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်မှာ ရန်ကုန်တိုင်း စစ်ကောင်စီက ဦးစီးခဲ့တာဖြစ်ပြီး ဒီလကုန်အထိ လုပ်ဆောင်ဖို့ရှိနေတယ်လို့ ညောင်တုန်းမြို့နယ်ရဲစခန်းနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
 
ဒါ့အပြင် ညောင်တုန်းပညာရေးမှူးကနေ CDM ပညာရေးဝန်ထမ်းစာရင်းတွေကိုလည်း စာရင်းရယူကာ လိုက်လံစုံစမ်းနေတယ်လို့လည်း မြို့ခံ Non- CDM ပညာရေးဝန်ထမ်းတဦးက ဆိုပါတယ်။
 
” CDM စာရင်းတွေကို မြို့နယ်ပညာရေးရုံးကနေ ယူသွားတယ်။ အခုလိုက်ပြီးစုံးစမ်းနေတာရှိတယ်။ ရှောင်တဲ့သူတွေလည်း ရှောင်နေရတယ် ” လို့ အဲဒီဝန်ထမ်းက ဆိုပါတယ်။
 
အခုလိုဖမ်းဆီးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ညောင်တုန်းမြို့တွင်း မြို့ပြင်နေရာတွေမှာ နေ့ရောညပါ ရဲအဖွဲ့က လှည့်ကင်းလှည့်လည်တာအပြင် လမ်းအသွားအလာတွေကို စစ်ဆေးတာ၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း ထိစပ်တဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးတင်းကြပ်တာတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
 
စစ်အာဏာသိမ်းတာကို လက်မခံလို့ သိန်းနဲ့ချီတဲ့ နိုင်ငံဝန်ထမ်းတွေလုပ်ငန်းခွင်တွေကို စွန့်ခွာခဲ့တာမှာ ကျောင်းဆရာ၊ ဆရာမ ၄၃၀၀၀၀ ကျော်အနက် ၁၄၅၀၀၀ ဝန်းကျင်ပါဝင်တယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ CDM ပညာရေးဝန်ထမ်းပေါင်း ၂၅၀ ဦးအထိ ဖမ်းဆီးခံထားရပြီး ၃၅ ဦးဟာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက် ဒီကနေ့ ညနေအထိ ဖမ်းဆီးထားသူပေါင်း ၁၇၀၆၇ ဦး ရှိပြီး ၅၂၆၄ ဦးကို ထောင်ဒဏ်ချမှတ်ထားတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – Social Media