စစ်ကောင်စီရဲ့ ကျဆင်းမှုတွေကို ဖုံးကွယ်ဖို့ အားထုတ်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနား

မတ် ၊ ၃၀

မတ်လ ၂၇ ရက်က မြန်မာစစ်တပ်ဟာ ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ သူတို့တွေ ကာကွယ်စောင့်ရှောက်မယ်လို့ သစ္စာဆိုထားတဲ့ နိုင်ငံတခုကို ကိုယ်တိုင် အားရပါးရ ဖျက်ဆီးခဲ့ ၇၈ နှစ်ပြည့်ခဲ့ပြီလို့ ဂုဏ်ယူစွာ အောင်ပွဲခံနေသလိုပါပဲ။

 လက်ရှိ တာဝန် ထမ်းဆောင်နေသူတွေရော၊ အငြိမ်းစားတွေပါ အပါအဝင် စစ်တပ်ရဲ့ စီနီယာ စစ်ဗိုလ်ချုပ်တွေ အတွက်တော့ ပွဲတက် ယူနီဖောင်းတွေနဲ့ တံဆိပ်တွေ အပြည့်အစုံ ဝတ်ပြီး စစ်သားတွေက ညီညီညာညာ ချီတက် စစ်ရေးပြနေတာ၊ စစ်လက်နက် ယန္တရားတွေ အများအပြားနဲ့ ဟန်ရေးပြနေတာတွေကို စောင့်ကြည့်ဖို့ အခွင့်အရေး တစ်ခုပါပဲ။ အဲဒီလို စစ်လက်နက်ကြီးတွေကို တခမ်းတနား ခင်းကျင်း ပြသနေတာကိုက နိုင်ငံအနှံ့မှာ စစ်မျက်နှာပေါင်းစုံ ဖွင့်နေရတဲ့ ပြည်တွင်းစစ်မှာ သူတို့တွေ တတိတိ ပြုန်းတီးနေတယ်ဆိုတဲ့ အရှိတရားကို ဒုံးကျည်တွေ၊ လက်နက်ကြီးတွေ၊ တင့်ကားတွေနဲ့ ဖုံးကွယ်ဖို့ စစ်တပ်က လှည့်စား အားထုတ်နေတာလည်း ဖြစ်ပါတယ်။

 စစ်ခေါင်းဆောင်တွေကတော့ လက်တွေ့ အရှိတရားတွေနဲ့ ဆန့်ကျင်တဲ့ ထင်ယောင်ထင်မှား လှည့်စားမှုတွေထဲမှာ သာယာရင်း တပ်မတော်ဆိုတာ ခေတ်မီ စစ်တပ်ကြီး တခုအဖြစ် ပုံဖော်နေပေမယ့် တကယ်တမ်းကျတော့ အလယ်ခေတ် လောက်တုန်းက အတွေးအခေါ် အဆင့်အတန်းမျိုးလောက်သာ ရှိသလို ကိုယ့်နိုင်ငံက ပြည်သူတွေအပေါ် ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေ ပြန်လည် ကျူးလွန်နေတဲ့ အရိုင်းအစိုင်းတပ် တခုထက် မပိုပါဘူး။

 ကြည့်ရတာတော့ ဒီနှစ် စစ်ရေးပြ အခမ်းအနားရဲ့ အထူးတန်း VIP ခုံတန်းတွေမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အရင်ကထက်စာရင် ပိုပြီး နေမထိ ထိုင်မသာ ဖြစ်နေပါလိမ့်မယ်။ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အကြီးအကျယ် အတွက်အချက် လွဲခဲ့ပြီးပါပြီ။ အဲဒီလို စစ်ရေးပြ အခမ်းအနားမျိုးကို အကြိမ် ၈၀ မြောက်ထိ ကျင်းပနိုင်ပြီး နိုင်ငံ အာဏာကို ဆက်လက် ကြီးစိုး သိမ်းပိုက်ထားနိုင်မှာလား။ ၁၉၄၅ ခုနှစ်ကစလို့ စစ်တပ်ဟာ ကိုယ့်သေကျင်းကိုယ် အနက်ဆုံး ပြန်တူးမိထားတဲ့ အခြေအနေမှာ အနာဂတ်က ဘာမှ မရေရာတော့ပါဘူး။

 စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဝါဒဖြန့်မှုတွေနည်းတူ တပ်မတော်နေ့မှာ ဖြန့်ဝေတဲ့ သတင်းစကားတွေကလည်း မည်းပြာပုဆိုးဖြစ်ပြီး ရှေ့နောက်မညီညွတ်တာတွေ၊ ကျိုးကြောင်း မဆီလျော်တာတွေပဲ ထုံမွှန်းနေပါတယ်။

 စစ်ကောင်စီက သူတို့ဖာသာ သာယာမှု ရှာပြီး ဖန်တီးထားတဲ့ သီးခြား ကမ္ဘာထဲမှာတော့ တပ်မတော်ဆိုတာဟာ တို့တာဝန် အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတွေကို ထိန်းသိမ်းလို့ ကောင်းနေတုန်းပါပဲ။

 တို့တာဝန် အရေးသုံးပါးထဲက နောက်ဆုံးအချက်ဟာ ခပ်တိုတိုလေး ဆိုပေမယ့် စစ်အာဏာရှင် အဆက်ဆက်ရဲ့ မသတီစရာကောင်းပြီး လက်တွေ့နဲ့ ကင်းကွာနေတဲ့ စကားတခွန်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လွတ်လပ်ရေး ရပြီးတဲ့ ခေတ်နောက်ပိုင်း နိုင်ငံကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ဖြိုခွဲရာမှာ ထိပ်ဆုံးအဆင့်လို့တောင် သတ်မှတ်လို့ ရပါတယ်။

 တပ်မတော်နေ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားမှာ သူပြောသွားတဲ့ ဝါဒဖြန့် မိန့်ခွန်းတွေကလည်း အရင်လို ထူးမခြားနားတွေပဲ ဖြစ်ပြီး အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ရန်ကနေ နိုင်ငံ တည်ငြိမ် အေးချမ်းမှုကို ကာကွယ်ဖို့ စစ်တပ်က လုပ်ဆောင်ရမယ် ဆိုတာမျိုးတွေပါပဲ။ သူရည်ညွှန်းတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေထဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)လည်း ပါဝင်ပါတယ်။ တစ်နည်းအားဖြင့် မင်းအောင်လှိုင်က အာဏာသိမ်းမှုအလွန် တော်လှန်ရေးတွေကို မထိန်းချုပ်နိုင်တော့ဘူး ဆိုတာ သူကိုယ်တိုင် မိန့်ခွန်းပြောပြီး ဝန်ခံသလို ဖြစ်နေပါပြီ။

 စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တွေရဲ့ အစိတ်အပိုင်း တော်တော်များများမှာ မီးရှို့ ဖျက်ဆီးမှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပြီး ဒေသအလိုက် လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အညံ့ခံလာအောင် ရက်ရက်စက်စက် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နည်းက အလုပ်မဖြစ်ခဲ့ပါဘူး။ အလုပ်ဖြစ်မယ့်ပုံလည်း မပေါ်ပါဘူး။

 တဖက်မှာလည်း NUGက ပိုင်ပိုင်နိုင်နိုင် နယ်မြေထိန်းချုပ်မှုတွေ ရှိနေပြီ ဆိုတာမျိုး အလွန်အကျွံ ချဲ့ကား ပြောဆိုတာတွေဟာ မျှော်လင့်ချက် အမှားတွေကို တွန်းအားဖြစ်စေတဲ့အပြင် မြေပြင်မှာ ဆိုးဆိုးရွားရွား ထိခိုက် နာကျင်မှုတွေကို လက်တွေ့ ကြုံနေရှာသူတွေရဲ့ ဒုက္ခဆိုးတွေကို လျှော့လျှော့ပေါ့ပေါ့ တွက်ဆမိစေတာမျိုးတွေ ဖြစ်သွားနိုင်တာ သတိပြုရပါမယ်။

 အခုတလော စစ်တပ်က ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တွေက တိုးပွားလာနေပါတယ်။ မကြာသေးခင် သီတင်းပတ်တွေအတွင်း စစ်တပ်က ရှမ်းပြည်နယ် တောင်ပိုင်းမှာ စစ်ဆင်ရေး အကြောင်းပြရင်း အရပ်သားပြည်သူ ၂၀ ကျော်ကို အစုလိုက် သတ်ဖြတ်ခဲ့ပါတယ်။

 အဲဒီ အစုလိုက် သတ်ဖြတ်မှုတွေဟာ စစ်တပ်က ကြံရာမရ ဖြစ်နေပြီး တပ်တွင်း ပြိုကွဲမှုတွေ အကြီးအကျယ် ကြုံနေရပြီဆိုတဲ့ အထောက်အထားတွေပဲ ဆိုတာမျိုး ပေါ့ပြက်ပြက် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ ထွက်ပေါက်ရှာဖို့အတွက် အခုလို အစုလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ် ဆိုတာမျိုး ထောက်ပြ ငြင်းခုံနေမယ့်အစား အဲဒီ အဖွဲ့အစည်းဟာ မြန်မာနိုင်ငံကို စစ်တပ်အုပ်စိုးတဲ့ စနစ်အောက် ပုံသွင်းခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဒီလို အကြမ်းဖက်မှုတွေ တောက်လျှောက် ကျူးလွန်ခဲ့တယ် ဆိုတာကို မမေ့ဖို့က ပိုအရေးကြီးပါတယ်။

 ဒီနေရာမှာ စစ်တပ်က အရေးနိမ့်နေပြီ ဆိုရုံနဲ့ တော်လှန်ရေးဖက်က အနိုင်ရနေပြီလို့ အဓိပ္ပါယ် ကောက်ယူလို့ မရပြန်ပါဘူး။ ဒါပေမဲ့ ပိုမိုကောင်းမွန်တဲ့ ကွပ်ကဲမှု၊ ထိန်းချုပ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာရင် တော်လှန်ရေး အင်အားစုတွေဟာ ရေရှည်တည်တံ့ဖို့ သာမန်ထက်ပိုတဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ထောက်ပြထားပါတယ်။

 တပ်မတော်နေ့ရဲ့ ရည်မှန်းချက်တွေထဲမှာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး အဓွန့်ရှည် တည်တံ့ဖို့ ဆိုတာလည်း ပါဝင်နေပြီး အဲဒီအတွက် ပြည်တွင်းက လက်နက်ကိုင် ပဋိပက္ခအားလုံး ချုပ်ငြိမ်းဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း စတာတွေလည်း ဝါဒဖြန့်ခဲ့ပါသေးတယ်။

 ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (​NCA) ဆိုတာကိုလည်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)နဲ့ ယွက်ဆစ်တို့လို ဘက်ပြောင်းလာသူတွေရယ်၊ လက်နက်ကိုင် အဖွဲ့အစည်းငယ် တချို့ရယ်ကလွဲရင် ဘယ်သူမှ ခေါင်းထဲ မထည့်ကြတော့ပါဘူး။ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်တန့်သွားစေဖို့ မျှော်လင့်ချက်လည်း မရှိဘူး ဖြစ်နေပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားတာကိုက အရဲစွန့်တဲ့ အဓိပ္ပါယ် ဖြစ်နေပြီး စစ်တပ်ကို သွယ်ဝိုက် ကူညီရာ ရောက်သွားနိုင်တာကြောင့်ပါ။

 ပြည်သူတွေရဲ့ ဘဝသာယာမှုကို ချနင်းပြီး နိုင်ငံရဲ့ စီးပွားရေးကိုလည်း ပြားပြားဝပ်အောင် ဖြိုချခဲ့တဲ့ စစ်ခေါင်းဆောင်တွေကတော့ စကားလုံး အကြီးကြီးတွေနဲ့ အသံကောင်း ဟစ်နေဆဲ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ဗျူရိုကရက်တွေကအစ လူတန်းစား အလွှာအားလုံးအတွက် အခြေခံ လိုအပ်ချက်တွေနဲ့ အခွင့်အရေးတွေက ပိုမို ကျပ်တည်းလာခဲ့ပါတယ်။

 စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေအတွက် အဲဒီ ကိစ္စကလည်း ထည့်တွက်ရမယ့် ညွှန်ကိန်း တခုပါ။ စစ်ကောင်စီဟာ တော်လှန်ရေးထက် ဘဝရှင်သန် ရပ်တည်ရေးကို ပိုမို ဦးစားပေး ရွေးချယ်မယ့် လူထုကို စုစည်းယူနေပြီး သူတို့အတွက်တော့ ဒီနည်းလမ်းက အလုပ်ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အဲဒီအခြေအနေကြောင့် ပြည်သူလူထုက သူတို့အပေါ် တူးတူးခါးခါး မုန်းတီးနေတာကိုတော့ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ပါဘူး။ စစ်တပ်ဟာ အညွန့်တလူလူ ဖြစ်စပြုနေတဲ့ ဒီမိုကရေစီကို နင်းချေခဲ့ရုံသာ မကဘဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အရှိန်ရလာတဲ့ နိုင်ငံ စီးပွားရေးနဲ့ တခြား ကောင်းကျိုးတွေကိုပါ ရက်ရက်စက်စက် ဖျက်ဆီးခဲ့တယ်ဆိုတာ ပြည်သူတွေက စွဲနေအောင် တေးမှတ်ထားပါတယ်။

 နောက်ပြီး အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ ဖာဖာထေးထေး ပြောဆိုမှုတွေထဲမှာ စစ်မှန်တဲ့ ပါတီစုံ ရွေးကောက်ပွဲတခု ပြန်လည် ကျင်းပပေးမယ် ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှု ဒုတိယ နှစ်ပတ်လည် ကာလမှာ နိုင်ငံရဲ့ အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာမှုကို သက်တမ်း ထပ်တိုးလိုက်တဲ့အပြင် မြို့နယ် ၄၇ ခုမှာပါ စစ်အုပ်ချုပ်ရေးတွေ ကြေညာလိုက်တဲ့နောက် အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ကြံဖန်တီးယူမှုတွေတောင် အဆင်ပြေမနေပါဘူးလို့ စစ်တပ်က ကိုယ်တိုင်ကိုယ်ကျ သွယ်ဝိုက် ဝန်ခံသလို ဖြစ်သွားပြန်ပါတယ်။

စစ်တပ်က ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် (UEC)ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပါတီတွေထဲက ၉၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတဲ့ စုစုပေါင်း ပါတီ ၅၂ ခုက လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားပြီလို့ ဆိုပါတယ်။ ယုံကြည်ချင်စရာ မရှိတဲ့ ရွေးကောက်ပွဲနဲ့ အတုအယောင် ဒီမိုကရေစီ အတွက်တော့ အတော်လေး အထင်ကြီးလောက်စရာ ကိန်းဂဏန်းတွေပါပဲ။

 အဲဒီထဲက ပါတီ ၁၂ ခုဟာ ပြည်ထောင်စု အဆင့်မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ကျန်တဲ့ ပါတီတွေကတော့ ပြည်နယ်နဲ့တိုင်း အဆင့်အတွက်ပဲ မှတ်ပုံတင်ခဲ့ကြတာ ဖြစ်ပါတယ်။ အများစုကတော့ လေထဲမှာ တိုက်ဆောက်ဖို့ စိတ်ကူးယဉ်နေတဲ့ တိုင်းရင်းသား ပါတီငယ်လေးတွေနဲ့ အကျပ်အတည်း ကာလမှာ စားပေါက်ရှာဖို့ အမြဲတမ်း ချောင်းမြောင်းနေတဲ့ အခွင့်အရေးသမားတွေရဲ့ ပါတီတွေပါပဲ။

 မြန်မာပြည်သူ အများစုကတော့ အဲဒီပါတီတွေကို ‘ဘောမ’တွေလို့ သတ်မှတ်ပြီး အဖက်လည်း မလုပ်ကြပါဘူး။

 နောက်ပြီး စစ်ကောင်စီ ကြီးမှူးတဲ့ ရွေးကောက်ပွဲကို ပစ်မှတ်ထား ဆန့်ကျင်တဲ့ အင်အားသုံး တိုက်ခိုက်မှုတွေ ဘယ်အချိန်မှာ ဖြစ်လာမလဲ၊ ဒါမှမဟုတ် လက်တွေ့ ပေါ်ပေါက်လာမလား ဆိုတာတွေက မင်းအောင်လှိုင် ရွေးချယ်တဲ့ နေ့ရက် သတ်မှတ်မှုနဲ့အတူ မီးလောင်လွယ်တဲ့ အရှိတရား တခု ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းထဲမှာလည်း နိုင်ငံခြား ဘောမတွေလို့ သတ်မှတ်ခံရတဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ နိုင်ငံတချို့က မရိုးဖြောင့်တဲ့ ရွေးကောက်ပွဲ အလွန်မှာ အာဏာ ဆက်လက် ဆုပ်ကိုင်ထားမယ့် စစ်ကောင်စီကို တရားဝင်မှု၊ အသိအမှတ်ပြုမှုတွေ ဖော်ဆောင်ပေးဖို့ အသင့်ရှိနေပုံပါပဲ။

 နေပြည်တော်မှာတော့ စစ်ရေးပြ ချီတက်ပွဲကြီးကို တခမ်းတနား ကျင်းပနေခဲ့ပါတယ်။ အခမ်းအနား အစီအစဉ်တွေက နိုင်ငံတဝန်းမှာ စစ်ကောင်စီ ဦးဆောင်ပြီး မီးမွှေးထားတဲ့ ပဋိပက္ခ တပြုံတခေါင်းနဲ့ လားလားမှ မဆက်စပ်သလိုပါပဲ။ အဲဒီနေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နဲ့ ထိုင်း-မြန်မာ နယ်စပ်နားက မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။

 စစ်တပ်ကတော့ သူတို့ကိုယ်သူတို့ ခိုင်မာ အားကောင်းပြီး ဂုဏ်ယူစရာ အဖွဲ့အစည်း ပုံစံမျိုး အတင်း ဖန်တီးယူနေပေမယ့် လက်တွေ့မှာတော့ ကောက်ကျစ်စဉ်းလဲပြီး ရက်စက်ကြမ်းကြုတ်တဲ့ အင်အားစုမျိုးအဖြစ် ဖုံးကွယ်လို့ မရပါဘူး။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟာ တစစီ ပြိုကွဲ ပျက်စီးနေပြီး အဓိက လက်သည် တရားခံကတော့ မင်းအောင်လှိုင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

 (Asia Times သတင်းဌာနအတွက် နိုင်ငံတကာ ပဋိပက္ခ၊ လူသားရေးရာနှင့် လူ့အခွင့်အရေး ကိစ္စများကို စောင့်ကြည့်လေ့လာသူ ဒေးဗစ်စကော့ မက်သီဆန် ရေးသားခဲ့သည့် Myanmar military marks a farcical anniversary ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)