မတ်၊ ၃၀
ပန်းတောင်းမြို့နယ်ကရေရှားပါးမှုကြုံတွေ့နေရတဲ့ကျေးရွာတွေအတွက်ရေလာရောက်လှူဒါန်းတဲ့ရေသယ်ကားတွေအပေါ်စစ်ကောင်စီတပ်က တားဆီးစစ်ဆေးကာကားတစီးကို ငွေငါးသောင်းတောင်းခံနေတာရှိနေတယ်လို့ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ပန်းတောင်းမြို့နယ်က ကုန်းတွင်းကျေးရွာတွေဖြစ်တဲ့သဲဖြူ၊ မြေဝါမှန်ကုန်း၊ ကြာအင်း၊ ကျီးပင်၊ ပေပင်နဲ့ သပြေကုန်းစတဲ့ကျေးရွာတွေမှာ အခုမတ်လ နောက်ဆုံး သီတင်းပတ်ကစပြီး ရေရှားပါးမှုတွေစတင်ကြုံတွေ့နေကြရတာပါ။
အဲဒီရေရှားပါးတဲ့ကျေးရွာတွေကိုရေလာရောက်လှူဒါန်းကြတဲ့ပြည်မြို့ကရေသယ်ကားတွေအပေါ် ပန်းတောင်းမြို့နယ်အဝင် နဝဒေတံတားအဆင်းဂိတ်နဲ့ဒီးဒုတ်တံတား တို့မှာ စစ်ကောင်စီတပ်ကတားဆီးကာစစ်ဆေးရေးတင်းကြပ်တာတွေကြောင့်ရေအလှူရှင်အချို့ဟာလှည့်ပြန်သွားရတာတွေရှိသလို တချို့ ကလည်းငွေကြေးပေးအပ်တဲ့အတွက်ပြန်လည်လွှတ်ပေးနေတာတွေရှိခဲ့တယ်လို့ပြည်မြို့ခံရေအလှူရှင်တဦးကပြောပါတယ်။
” မနေ့ကပန်းတောင်းကရွာတွေကိုရေလှူပေးဖို့ကား၅စီးနဲ့ သွားကြတာ။နဝဒေးတံတားဘက် ပန်းတောင်းဘက်ခြမ်းရောက်ကောစစ်တပ်တွေတားစစ်တယ်။ ဘယ်သွားမလို့လဲဘာလုပ်ဖို့လဲပေါ့။ရေလှူဖို့သွားတာကို အကြောင်းမကြားလို့သွားမရဘူးရစ်ထားတယ်။ကားနှစ်စီးကပြန်လှည့်သွားတယ်။ကျန်သုံးစီးကတော့ပိုက်ဆံပေးလို့လွှတ်ပေးလိုက်တယ်။ ကားတစီးကိုငါးသောင်း ပေးခဲ့ရတယ်။တမင်တကာငွေညစ်နေသလိုဖြစ်နေတယ်” လို့သူကပြောပါတယ်။
ရေရှားပါးမှုစတင်ကြုံတွေ့နေရတဲ့ကျေးရွာတွေဟာ ပဲခူးတိုင်း နဲ့မကွေးတိုင်းထိစပ်နေရာပန်းတောင်းမြို့နယ်နဲ့ကံမမြို့နယ်ကြားကဧရာဝတီမြစ်နဲ့အဝေးဆုံးနေရာမှာရှိနေတာဖြစ်ပြီး သောက်သုံးရေရရှိဖို့အတွက်ရေစုကန်တူးဖော်ကာမိုးရေလှောင်သုံးနေကြရတာဖြစ်တဲ့အပြင်ချောင်းငယ်တချို့ဟာလက်ရှိမှာတော့ခမ်းခြောက်နေတဲ့အတွက်သောက်သုံးရေရှားပါးမှုဒဏ်ကိုခံစားနေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။
မိုးရေသိုလှောင်ထားတဲ့သောက်သုံးရေကန်တွေအပြင်ရေရှားပါးမှုကိုကာကွယ်ဖို့ကန်အသစ်တွေတူးဖော်ကာရေလှောင်ထားပေမဲ့လက်ရှိနွေရာသီပူပြင်းမှုကြောင့်ရေခမ်းခြောက်နေကာသောက်သုံးရေရရှိဖို့အခက်ကြုံနေရတယ်လို့သဲဖြူကျေးရွာသားတဦးကဆိုပါတယ်။
“မိုးတွင်းရေရအောင်ဆိုပြီးလှောင်ထားတဲ့သောက်ရေကန်တွေအကုန်ခမ်းသွားပြီ။ကန်အသစ်ထပ်တူးထားတာတွေလည်းရေမရတော့ဘူး။နွားတွေကိုတိုက်ဖို့တောင်ရေရှားနေတဲ့အခြေအနေရောက်နေပြီ” လို့ သူကဆိုပါတယ်။
ရေရှားပါးမှုတွေဖြစ်ပေါ်နေတဲ့ကျေးရွာတွေအပေါ်ဥသျှစ်ပင်၊ပြည်နဲ့ပန်းတောင်းမြို့ခံတွေကစုပေါင်းရေလိုက်လံလှူပေးနေတာရှိနေတဲ့အပြင်စက်ရေတွင်း၊ ရေစုကန်နဲ့ ပိုက်လိုင်းသွယ်တန်းဖို့အတွက် အလှူရှင်ရှာဖွေနေပြီးလက်ရှိမှာ အလှူရှင်နှစ်ဦးရရှိထားတယ်လို့ ပန်းတောင်းမြိုကခံတဦးကပြောပါတယ်။
ပန်းတောင်းမြို့နယ်ကကုန်းတွင်း
ကျေးရွာအများစုတွေဟာသောက်သုံးရေအတွက်ရေတွင်းရေကန်နဲ့ ချောင်းရေတို့ကိုသာ အသုံးပြုကြရပြီး နှစ်စဉ်နွေရာသီအချိန်မှာ ရေရှားပါးမှုတွေကြုံတွေ့နေရကာအနီးနားမြို့တွေကနေ ရေလှူဒါန်းမှုတွေပြုလုပ်နေကြရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်မှာ ပုံမှန်မဟုတ်တဲ့ အပူချိန်လွန်ကဲတဲ့ အယ်နီညိုရာသီဥတုဟာဧပြီလကနေ အောက်တိုဘာလအထိဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင်တွေက ခန့်မှန်းသတိပေးထား ပါတယ်။
အယ်နီညိုခံစားရတဲ့ ဒေသတွေဟာ စိုက်ပျိုးရေရှားပါးတာ၊ သောက်သုံးရေရှားပါးတာတွေအပြင် အပူဒဏ်ကြောင့် ဖြစ်တဲ့ အပူချိန်မြင့်တက်တာ၊ ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာစတဲ့ ဝေဒနာတွေခံစားရလေ့ရှိလို့ ပူပြင်းတဲ့ရာသီဥတုနဲ့လိုက်လျောညီထွေနေထိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း အသိပေးထားပါတယ်။