အင်ဒိုနီးရှားရဲ့ အသက်နှစ်ဆယ်အောက် ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်ကို ဖီဖာ ရုပ်သိမ်း

မတ် ၊ ၃၀

အသက် ၂၀ အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ အိမ်ရှင်အဖြစ် အင်ဒိုနီးရှားက လက်ခံ ကျင်းပခွင့်ကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ပယ်ဖျက် ရုပ်သိမ်းလိုက်ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အင်ဒိုနီးရှားရဲ့ ဘာလီကျွန်းမှာ ပြိုင်ပွဲရဲ့ ပွဲစဉ်တွေ တရားဝင် မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို ရက်ရွှေ့ခဲ့တဲ့နောက် အခုအခါမှာ အင်ဒိုနီးရှားရဲ့ အိမ်ရှင် အခွင့်အရေး ရုပ်သိမ်းခံရကြောင်း ဖီဖာ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 မူလက အဲဒီပြိုင်ပွဲကို မေလ ၂၀ ကနေ ဇွန်လ ၁၁ ရက်ထိ အင်ဒိုနီးရှားမှာ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘာလီကျွန်းရဲ့ အုပ်ချုပ်ရေးမှူး ဝေယန် ခိုစတာက သူ့ဒေသမှာ အစ္စရေး လူငယ်အသင်း လာရောက် ယှဉ်ပြိုင်မှုကို လက်ခံဖို့ ငြင်းဆိုခဲ့တဲ့နောက် ပြဿနာတွေ တက်ခဲ့တာပါ။

 အိမ်ရှင်နိုင်ငံ အနေနဲ့ အစ္စရေးကို လက်ခံဖို့ ငြင်းဆန်နေရင် အိမ်ရှင်အဖြစ် ပြိုင်ပွဲကို တာဝန်ယူဖို့ မဖြစ်နိုင်ကြောင်း မတ် ၂၉ ရက်မှာ ဖီဖာက ဆုံးဖြတ်ခဲ့တာပါ။ အင်ဒိုနီးရှားဟာ အစ္စရေးနဲ့ တရားဝင် သံတမန် ဆက်ဆံရေး တည်ဆောက်မထားပါဘူး။ ပြီးတော့ ပါလက်စတိုင်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ အစ္စရေး အသင်းကို ပြိုင်ပွဲဝင်ခွင့် မပေးဖို့ တောင်းဆိုခဲ့ပါတယ်။

 ၂၀၁၉ ခုနှစ်တုန်းက ဖီဖာဟာ အသက် ၂၀ အောက် ကမ္ဘာ့ဖလား ပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့်အတွက် အင်ဒိုနီးရှားကို တာဝန် ပေးအပ်ခဲ့ပါတယ်။ အဲဒီတုန်းက အစ္စရေးဟာ ခြေစစ်ပွဲအဆင့်မှာ ယှဉ်ပြိုင်နေဆဲဖြစ်ပြီး ပြိုင်ပွဲ ဝင်ခွင့်ရဖို့ မသေချာခဲ့သေးပါဘူး။

 အခုတော့ အင်ဒိုနီးရှားဆီက အိမ်ရှင် အခွင့်အရေးတွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သလို အိမ်ရှင်နိုင်ငံသစ် တခုကိုလည်း အပူတပြင်း ရှာဖွေနေကြောင်း၊ ပြိုင်ပွဲ ကျင်းပမယ့် ရက်ကိုတော့ အပြောင်းအလဲ လုပ်ဖို့ အစီအစဉ် မရှိသေးကြောင်း ဖီဖာက ထုတ်ပြန်ပါတယ်။

 နောက်ပြီး အိမ်ရှင် နေရာကို စွန့်လွှတ်ရခြင်းနဲ့အတူ အင်ဒိုနီးရှားဟာ ပြိုင်ပွဲဝင် ၂၄ သင်းထဲမှာ ပါဝင်တော့မှာ မဟုတ်တဲ့အတွက်လည်း ဖီဖာက အစားထိုး အစီအမံတွေကို အမြန်ဆုံး ပြန်လည် သုံးသပ် စဉ်းစားနေရပြီ ဖြစ်ပါတယ်။