ထီးလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့မပေါက်ကွဲသေးတဲ့ ဗုံးသီးကိုသွားထိမိလို့ တဦးသေဆုံး၊ တဦးဒဏ်ရာရ

မတ်၊ ၂၉
 
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကြူသာကျေးရွာနဲ့ ကံသာရွာကြား ဒေသအခေါ် ရွှေတွေတူးတောမှာ တောင်သူလုပ်ကိုင်နေတဲ့ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ကိုကျော်လင်းဟာ မတ်လ ၂၈ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်ထားခဲ့ပြီး မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးတလုံးကို သွားထိမိတဲ့အတွက် ဗုံးပေါက်ကွဲသေဆုံးပြီး တဦးဒဏ်ရာရခဲ့ပါတယ်။
 
” ထိပ်ဖူးကို သွားထိမိတာလို့ ထင်တယ်ဗျ။ သူတို့ကလည်း လက်နက်ကြီးတွေနဲ့က ထုချင်ရာ ထုတာ ထားခဲ့တာကိုး။ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်နိုင်တယ်ဆိုတာလည်း ကျေးရွာတွေလောက် လုပ်ပေးနိုင်တာ။ နောက်ကျရင်တော့ ဒါမျိုးတွေ့ရင် အကြောင်းကြားကြဖို့ အသိပေးထားတယ် ” လို့ YRA ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက ပြောပါတယ်။
 
စစ်ကောင်စီရဲ့လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထုမြို့နယ်တွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေရှိနေပြီး ပြည်သူတွေ အန္ဒရာယ်မဖြစ်အောင် ရှင်းလင်းနေရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
 
” မနှစ်ကလည်း ကန်ရွာမှာ ကလေးလေးနှစ်ယောက် သေပြီးပြီ။ ကျနော်တို့တွေ့တာဆို ၄၀၊ ၆၀၊ ၈၀ မမတွေ အနည်းဆုံး အလုံးငါးဆယ်ကျော်လောက်ရှိမယ်။ တွေ့ရင်လာအကြေားကြားကြတယ်။ အကြောင်းကြားဖို့လည်း ပြောထားတယ်။ ဒါတောင် သူ့ဟာသူဆွဲနူတ်ပြီး ယူလာတဲ့သူတချို့ကို ကြုံရသေးတာ” လို့ ဂန့်ဂေါခရိုင် တပ်ရင်း -၁ တာဝန်ခံ ကိုစတီဗင်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလထဲမှာ ကန်ရွာက ကလေးငယ်ညီအစ်ကိုနှစ်ဦးဟာ စစ်ကောင်စီအဖွဲ့ဝင်တွေ ထားခဲ့တဲ့ ဗုံးသီးကို နှမ်းခင်းထဲမှာ တွေ့ရှိပြီး ကစားကြရာက ပေါက်ကွဲမှုဖြစ်ကာ ညီအစ်ကိုနှစ်ယောက်လုံး အသက်ဆုံးရှုံးခဲ့ရတာပါ။
 
” ပြီးခဲ့တဲ့ နှစ်လလောက်က ကျနော်တို့တောမှာ တလုံးကျဖူးတယ်။ မပေါက်တော့ ကာကွယ်ရေးအဖွဲ့ဝင်တွေ လာဖြုတ်သွားတယ်။ မပေါက်ဘူးဆိုရင် ဘယ်အချိန်ပေါက်မယ်ဆိုတာ မသိနိုင်ဘူး။ အဲ့ဒီနားမသွားတာ အကောင်းဆုံးပဲ ” လို့ ကျောက်ထုမြို့နယ်ဒေသခံတဦးက ပြောပါတယ်။
 
ယောဒေသ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထုက စစ်ကောင်စီတပ်တွေဟာ မြို့နယ်ထဲနေရာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဥ်နီးပါး ရမ်းသမ်းထုနေတာကြောင့် မတွေ့ရှိရသေးတဲ့ မပေါက်ကွဲကျည်တွေလည်း ရှိနေနိုင်သေးတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
 
ယောဒသမှာ မပေါက်ကွဲသေးတဲ့ ကျည်တွေအပြင် စစ်ကောင်စီကထောင်ထားခဲ့တဲ့ နင်းမိုင်းတချို့လည်း ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ နင်းမိုင်းရှိတဲ့နေရာတွေကို မသွားလာကြဖို့ သတိပေးတားမြစ်ထားရပြီး မဖြစ်မနေဖြုတ်ရမယ့်နေရာမျိုးမှာဆိုရင်တော့ ဖြုတ်သိမ်းကြရတယ်လို့ တော်လှန်ရေးအဖွဲ့တဦးက ပြောပါတယ်။
 
စစ်အာဏာသိမ်းကတည်းက စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မူကြောင့် ကလေးငယ်အပါဝင် အရပ်သားသေဆုံးမှုတွေရှိခဲ့သလို မပေါက်ကွဲသေးတဲ့ ကျည်တွေ၊ ဗုံးတွေကို ထိတွေ့ကိုင်တွယ်မိရာက ပေါက်ကွဲသေဆုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
 
ပြည်သူတွေ အန္ဒရာယ်မဖြစ်ဖို့ မိမိအနီးနားမှာ လက်နက်ခဲယမ်းတစုံတရာတွေ့ရင် ထိတွေ့ကိုင်တွယ်တာမျိုး မလုပ်ပဲ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အရင်ဆုံး အကြောင်းကြဖို့ လိုတယ်လို့ လက်နက်ခဲယမ်းထုတ်လုပ်ရေး လုပ်ကိုင်နေသူ တော်လှန်ရေးအဖွဲ့ဝင်တဦးက ဆိုပါတယ်။
 
” ကျနော်တို့ နားလည်ပါတယ်ဆိုတဲ့ သူတွေထဲမှာတောင် မတော်တဆဖြစ်ပြီး သေတာ၊ လူစဥ်မမီဖြစ်သွားတာတွေ အများကြီးပါ။ တွေ့ရင်အကြောင်းကြား။ ပြီးတော့ဝေးဝေးနေ ” လို့ သူကပြောပါတယ်။
 
မြန်မာနိုင်ငံမှာ မိုင်းနဲ့ပေါက်ကွဲစေတက်တဲ့ လက်နက်အကြွင်းအကျန်ကြောင့် ၂၀၂၁ခုနှစ်မှာ၂၈၈ဦး ထိခိုက်ဒဏ်ရာရပြီး ၁၀၂ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ခုနှစ်မှာတော့ ထိခိုက်သေဆုံးသူ ၃၉၀အထိ မြင့်တက်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ