ခေါင်မလုံတာချင်းတူပေမဲ့ မိုးအစိုဆုံး စက်ရုံလုပ်သားများ

မဏ္ဍိုင်
 
မတ်၊ ၂၀၂၃
 
ဆောင်းတွင်းမြူလိုလို စက်ရုံမီးခိုးတွေလိုလို မသဲမကွဲအုပ်ဆိုင်းနေတဲ့ လှိုင်သာယာရဲ့ နံနက်ခင်းတစ်ခုမှာ လူနှစ်ယောက် စီးလာတဲ့ မော်တော်ဆိုင်ကယ်တစ်စီးဟာ လမ်းမကြီးအတိုင်း ရွေ့လျားနေပါတယ်။
 
ဆိုင်ကယ်ပေါ်မှာ လူလတ်ပိုင်းအရွယ် ကိုနေက နောက်ကထိုင်ပြီး သူ့ညီဖြစ်သူက ရှုပ်ထွေးလှတဲ့ ယာဉ်တွေကြား အရှိန်နှေးနှေးနဲ့ သတိထားမောင်းနှင်နေတာပါ။
 
လမ်းခုလပ်တစ်နေရာမှာတော့ “ဟေ့ကောင်…ရပ်လိုက်” ဆိုတဲ့ အော်သံကို ကြားလိုက်ပြီး ရဲနဲ့စစ်သားတွေက ကိုနေတို့ ညီအစ်ကိုနှစ်ဦးကိုသေနတ်နဲ့ ထိုးချိန်လိုက်ပါတယ်။
 
အဲဒီနောက် ရဲနဲ့စစ်သားတွေက လိုင်စင်မဲ့ သူတို့ဆိုင်ကယ်ကို ဘေးနားက လမ်းသွယ်လေးတစ်ခုထဲ ယူသွားခိုင်းပြီး သော့ဖြုတ်ကာ နာမည်နဲ့ လိပ်စာကိုရေးမှတ်ပါတယ်။ ပြီးတော့ ဆိုင်ကယ်ကိုသိမ်းယူပြီး လူတွေကို ဒီအတိုင်း ပြန်လွှတ်ပေးပါတယ်။
 
နယ်ကနေ လှိုင်သာယာမှာ စက်ရုံလုပ်သားအဖြစ်အသက်မွေးလာတာ ၁၀ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ကိုနေအတွက် စစ်အာဏာသိမ်းမှုမတိုင်ခင်က လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးကို ခြစ်ကုပ်စုဆောင်း ဝယ်ယူနိုင်ခဲ့ပါတယ်။ တစ်နှစ်လောက် စီးရပြီးတဲ့နောက်မှာတော့ ဒီဆိုင်ကယ်လေးဟာ အာဏာပိုင်တို့ရဲ့ သိမ်းယူခြင်းကို ခံလိုက်ရပါတယ်။
 
ဆိုင်ကယ်မရှိတဲ့နောက် “ခြေထောက်ကျိုးသွားသလိုပဲ” လို့ သူ့ရဲ့ခံစားမှုကို မပြောချင် ပြောချင်နဲ့ ဆက်ပြောပါတယ်။
 
သူတို့လို လိုင်စင်မဲ့ တခြားဆိုင်ကယ်တွေလည်း မကြာခဏသိမ်းဆည်းခံရပြီး ငွေနှစ်သိန်းလောက်လာဘ်ထိုးနိုင်ပါက ပြန်ရွေးယူလို့ရတယ်လို့ ဆိုင်ကယ်ပိုင်ရှင် ကိုနေက သိထားပါတယ်။ ဒါပေမဲ့ ကုန်ကျစရာ အသုံးစရိတ်များလာသလောက် လုပ်ခလစာတတ်မလာတဲ့ စက်ရုံလုပ်သားကိုနေမှာ ဆိုင်ကယ်ရွေးစရာငွေမရှိပါဘူး။
 
“ပိုင်ရာ၊ ဆိုင်ရာနဲ့လိုက်မှ နှစ်သိန်းလောက်အကုန်ခံပြီး ပြန်ရကြတယ်။ တော်တော်ပိုင်မှ။ ဘော်ဒါကမေးတယ် ပြန်ရွေးမလားတဲ့၊ အသိလူရှိတယ်ပေါ့။ တစ်သိန်းလောက်ဆို ငါရွေးနိုင်တယ်လို့ ပြောလိုက်တယ်။ အဲ့ဒါနဲ့ လိုက်တော့လည်း မရပါဘူး။ သူလည်း သိပ်မပိုင်လို့နေမယ်၊ ဟိုလွှဲချ၊ ဒီလွှဲချနဲ့။ ကြာလာတော့ မရွေးတော့ဘူးလို့ စိတ်ပိုင်းဖြတ်လိုက်တယ်” လို့ ကိုနေက ၂၀၂၁ ဒီဇင်ဘာက သူ့ရဲ့ မမေ့နိုင်စရာ ဆုံးရှုံးမှုဖြစ်ရပ်ကို ပြန်ပြောပြပါတယ်။
 
ကာလအားဖြင့် ၂ နှစ်နီးပါးကြာမြင့်နေတာတောင် ဒီဆိုင်ကယ်အသိမ်းခံရပြီး မရွေးနိုင်ခဲ့တဲ့အဖြစ်ကို ပြန်ပြောတိုင်း ဆိုင်ကယ်ပိုင်ရှင်သူ့မှာ ဒေါသနဲ့ ဝမ်းနည်းစိတ်တို့က ရောပြွမ်းလာတတ်ပါတယ်။
 
▪ဆိုင်ကယ် ဘာကြောင့်စီးနေကြလဲ
 
ဥပဒေအရ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မရှိပါဘူး။ ဒါပေမဲ့ လူနေထူထပ်သလောက် ကားမှတ်တိုင်တစ်ခုနဲ့ တစ်ခု အနည်းဆုံး ၁ မိုင်လောက်ဝေးတဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ ဒီဥပဒေဟာ အပြည့်အဝအသက်မဝင်နိုင်ပါဘူး။
ဒီလိုမြို့နယ်တွေမှာ ကိုယ်တိုင် ဆိုင်ကယ်သုံးပြီး သွားလာကြတဲ့ လူတန်းစားတွေရှိပါတယ်။ ဆိုက်ကားခထက် သက်သာတဲ့ ဆိုက်ကယ်ကယ်ရီတွေကလည်း တွင်ကျယ်နေပါတယ်။
စက်မှုဇုန်မြို့နယ် လှိုင်သာယာလိုနေရာမျိုးမှာဆိုရင်လည်း ဆိုင်ကယ်ဟာ အလုပ်သမားနဲ့ အခြေခံ လူတန်းစားများအတွက် အလားတူ အားကိုးအားထားရာ ယာဉ်တစ်မျိုးဖြစ်ပါတယ်။
စီမံချက်ရှိမှသာ ဆိုင်ကယ်နဲ့ သွားလာသူတွေဟာ အဖမ်းခံရလေ့ရှိပါတယ်။ ဆိုက်ကယ်အသိမ်းခံရပြီးရင်တော့ အာဏာပိုင်တွေ တောင်းသလောက်ကြေးပေးနိုင်ရင် ပြန်ယူလို့ရပြီး မပေးနိုင်ပါက အပြီးတိုင်အသိမ်းခံရတတ်ပါတယ်။
 
အသိမ်းခံရတဲ့ ဆိုင်ကယ်တွေကို အာဏာပိုင်တွေက လိုသလိုထုတ်စီးတာနဲ့ ပြန်ရောင်းစားတာတွေ လုပ်လေ့ ရှိတယ်လို့ ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေမှာ နေထိုင်တဲ့သူတွေက ပြောပါတယ်။ ဆိုင်ကယ်အသိမ်းခံရသူတွေကတော့ တတ်နိုင်ရင် နောက်တစ်စီးဝယ်စီးကြပြန်ပါတယ်။
 
စစ်အာဏာသိမ်းခံထားရတဲ့ ဒီလိုကာလမှာတော့ ဆင်းရဲကျပ်တည်းမှုတွေ ပိုဆိုးသထက်ဆိုးလာပြီး ကိုနေလို စက်ရုံ အလုပ်သမား တစ်ယောက်အတွက် ဆိုင်ကယ်တစ်စီးပြန်လည်ဝယ်ယူဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
 
ဆိုင်ကယ်ဝယ်နိုင်ရင်တောင်မှ အာဏာသိမ်းပြီးနောက် လောင်စာဆီဖိုးမြင့်တက်မှုနဲ့ အာဏာပိုင်တွေ လက်သက် မွေးထားတဲ့ အရပ်သားလူမိုက်တွေရဲ့ အန္တရာယ်က သူနေထိုင်ရာ လှိုင်သာယာနယ်မြေရဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာပါတယ်။
 
“တစ်ခါ ဘော်ဒါတွေလာခေါ် ကြတယ်။ ဆိုင်ကယ်အဖမ်းခံရလို့တဲ့။ ရဲလည်းမဟုတ်၊ စစ်သားလည်းမဟုတ်။ လူမိုက်တွေ အသုံးပြတ်လို့ဖမ်းတာ။ ကိုယ်တွေဘက်က လူမိုက်တွေ လှမ်းခေါ်ပြီး ရှင်းကြတာပေါ့။ သုံးသောင်းပဲကုန်တယ် လူမိုက် ကြေး။ ဆိုင်ကယ်တော့ အသိမ်းမခံလိုက်ရဘူးပေါ့” လို့ ကိုနေက လက်ရှိအခြေအနေကို ရှင်းပြပါတယ်။
 
▪ဆိုင်ကယ်တစ်စီး ပိုင်ဆိုင်ချင်ခဲ့သူ
 
ကိုနေဟာ သူမွေးဖွာရာ ဧရာဝတီတိုင်းကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးကတည်းက ရန်ကုန်ရောက်လာပြီး လှိုင်သာယာက စက်ရုံတွေမှာ စတင်ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့သူပါ။ တဖက်မှာလည်း အဝေးသင်တက်ရင်း မိဘတွေယူစေချင်တဲ့ဘွဲ့ကို ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။
ကျေးလက်ဒေသရဲ့အလုပ်အကိုင်ရှားပါးမှုပြဿနာက သူ့လိုလူငယ်တစ်ယောက်တင်မက သူ့မိသားစုကိုပါ လှိုင်သာယာ စက်မှုဇုန်နယ်မြေကို ရောက်စေခဲ့ပါတယ်။ သူ့အစ်မကလည်း သူ့လိုပဲ စက်ရုံဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အမေနဲ့အတူ အဆောင်ငှားနေထိုင်ပါတယ်။
 
“လယ်တွေက အဘဆုံးပြီး ကျနော်လေးတန်းနှစ်ကတည်းက အကုန်ရောင်းလိုက်ရတာပေါ့” လို့ သူကပြောပါတယ်။
 
ရသလောက်လစာနဲ့ မိသားစုသုံးယောက် စားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းရင်း ဝမ်းဝခါးလှအောင် အတက်နိုင်ဆုံးကြိုးစားကာ စက်ရုံလုပ်သားဘဝကို ကိုနေတို့မိသားစုအသားကျသွားခဲ့ပါတယ်။
 
လှိုင်သာယာမှာ စက်ရုံလုပ်သားဘဝနဲ့ အနေကြာပြီး စက်ရုံတွေ တစ်ရုံပြီး တစ်ရုံ ပြောင်းရွှေ့လုပ်ကိုင်နေတဲ့ ကိုနေဟာ သူ့လိုပဲ စက်ရုံဝန်ထမ်း မိန်းကလေးတစ်ဦိးနဲ့ အကြောင်းဆုံကာ ပေါင်းဖက်ဖြစ်ခဲ့ပါတယ်။
 
မိုးလင်းတာနဲ့ အိပ်ယာက ကပြာကရာထပြီး စက်ရုံမှာ အလုပ်ဆင်းဖို့ ပြင်ဆင်၊ လုပ်ငန်းခွင်သွား၊ တနေကုန်အလုပ်လုပ်၊ ညနေအချိန်နှောင်းမှ အဆောင်ပြန်ရောက်၊ စားဖို့ပြင်ဆင်၊ အနားယူ၊ နောက်နေ့မနက် ပြန်ထ၊ အလုပ်ပြန်သွားနဲ့ပဲ ပုံမှန်လည်ပတ်နေတဲ့ စက်ရုံလုပ်သားတွေရဲ့ နေ့စဉ်ဘဝဟာ မထူးဆန်းတော့ပါဘူး။
 
ကိုနေကတော့ သူရဲ့မွန်းကျပ်လှတဲ့ လူနေမှုဘဝကို စိတ်ထွက်ပေါက်အဖြစ် တခါတလေ ကဗျာအဖြစ်ချရေးတတ်ပါတယ်။ ဒါပေမဲ့ သူအလုပ်ကပြန်ရောက်ချိန်ဟာ ပုံမှန်အားဖြင့် ည ၇ နာရီထက် မစောနိုင်တာကြောင့် ကဗျာရေးဖို့အချိန်နဲ့ အိပ်ချိန်လုနေရပါတယ်။
 
“နေ့တိုင်း အလုပ်သွား၊ အလုပ်ပြန်၊ ရေချိုး၊ ထမင်းစား၊ လက်ဖက်ရည်ဆိုင်ထိုင်၊ လိုင်းပေါ်တက် ဘော်ဒါတွေနဲ့ စကားပြော၊ စာဖတ်၊ ကဗျာရေးချင်တယ်။ အရိုးရှင်းဆုံးအလုပ်ပေါ့ဗျာ။ အဲ့ဒါတွေ အကုန်လုပ်မယ်ဆို မအိပ်ဘဲ နေမှရမယ်” လို့ သူရဲ့ နေ့စဉ်အချိန်မလောက်ငမှုပြဿနာကို ရှင်းပြပါတယ်။
 
တခါတလေမှာ စားဝတ်နေရေး၊ လူမှုရေးပြဿနာလေးတွေကြောင့် မိသားစုကြား ကတောက်ကဆဖြစ်ရတာ၊ အမေရဲ့ ကျန်းမာရေးကြောင့် ပူပင်သောကရောက်ရတာတွေရှိပေမယ့် မိသားစုစိတ်ဓာတ်နဲ့ပဲ အတက်နိုင်ဆုံးရင်ဆိုင်ခဲ့ကြပါတယ်။
 
ကာလအတန်ကြာမှာတော့ သူရဲ့ရွှေဆွဲကြိုးတစ်ကုံးကိုထုတ်ရောင်းပြီး လေးသိန်းတန် တစ်ပတ်ရစ် တရုတ်ထုတ် ဆိုင်ကယ်တစ်စီးကို ဝယ်ခဲ့ပါတယ်။ ဒီဆိုင်ကယ်လေးနဲ့ပဲ သူ့မိန်းမကို တင်စီး၊ နယ်ကအပေါင်းအသင်းတွေ လာရင်လည်းကြိုပို့၊ ဘယ်သွားသွားအများနည်းတူ သွက်သွက်လက်လေးသွားလာနိုင်ခဲ့လို့ ကျေနပ်ခဲ့ရပါတယ်။
 
“လိုချင်လွန်းလို့ နယ်မှာအဝေးသင်တက်တုန်း မြောက်ဥက္ကလာပမှာ ပြန်သွားဝယ်ခဲ့တာ” လို့ သူကပြောပါတယ်။
 
ဆိုင်ကယ်ဖမ်းတယ်ကြားရင်လည်း စိုးတထိတ်ထိတ်နဲ့ လှည့်ပတ်မှောင်းနှင်ရင်း နောက်ပိုင်းမှာ အေးရာအေးကြောင်း လွတ်အောင်ရှောင်မောင်းနိုင်ကာ ကျင့်သားရလာခဲ့ပါတယ်။
 
▪ဆိုင်ကယ်အပေါ်ကျလာတဲ့ နိုင်ငံရေး
 
၂၀၂၁ ဖေဖော်ဝါရီလမှာ မဲစာရင်းအကြောင်းပြု စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတဲ့ နောက်ပိုင်းမှာတော့ အာဏာရဲ့ဂယက်ဟာ သူ့ဆိုင်ကယ်လေးကို တဖြည်းဖြည်းရိုက်ခတ်လာခဲ့ပါတယ်။
 
အာဏာသိမ်းတာကို လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူထုဟာ အကြမ်းဖက်ဖြိုခွဲခံရပြီးတဲ့နောက် အာဏာသိမ်းစစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကိုဖြိုဖို့ အနုနည်းနဲ့သာမက အကြမ်းနည်နဲ့ပါ ကြိုးစားလာကြပါတယ်။
 
မခံမရပ်နိုင်ဖြစ်ပြီး လုပ်ရဲကိုင်ရဲရှိတဲ့ လူတချို့ဟာ ရုံးဌာနတွေကို ပစ်ခတ်ဖောက်ခွဲလာကြရာမှာ ကားတွေထက် ဆိုင်ကယ်တွေကို ပိုမိုအသုံးပြုလာကြပါတယ်။
 
အထူးသဖြင့် လှိုင်သာယာလို လူနေထူထပ်ပြီး အရင်ကတည်းက ဒုစရိုက်မှုတွေပေါများတဲ့ မြို့နယ်မျိုးမှာ စစ်ကောင်စီရဲ့ ရုံးဌာနတွေဟာ မကြာခဏတိုက်ခိုက်ခံနေရပါတယ်။ ဒါကြောင့်လည်း ချက်ချင်းဆိုသလို စစ်ကောင်စီဟာ ဆိုင်ကယ်စီးတာတွေကို တားမြစ်လိုက်ပြီး ဆက်တိုက်ဖမ်းစီးလာခဲ့ပါတယ်။
 
ထိုတားမြစ်ချက်ဟာ အရင်ကတည်းက လိုအပ်ချက်အရ ဆိုင်ကယ်အသုံးပြုနေတဲ့ နယ်မြေတွေမှာ လပိုင်းလောက်သာ အသက်ဝင်ပြီး နောက်ပိုင်းမှာ လျော့တိလျော့ရဲဖြစ်လာခဲ့ပါတယ်။ တစ်တိုင်းပြည်လုံး ထိန်းမနိုင်သိမ်းမရ ဖြစ်နေချိန် ယူနီဖောင်းဝတ်တွေရဲ့ အာဏာသုံးပြီး ဆိုင်ကယ်ဖမ်းတာအပြင် အရပ်သားလူမိုက်တွေရဲ့ ဆိုင်ကယ်လုတာတွေကိုလည်း ဆိုင်ကယ်သမားတွေက ကြောက်နေရပါတယ်။
 
“ပိုက်ဆံလိုချင်မှ ထဖမ်းတဲ့ပုံစံ။ နေ့တိုင်း ရဲစခန်းရှေ့ဖြတ်နေတဲ့ ဆိုင်ကယ်မှ အများကြီးကို မဖမ်းဘူး။ လစာထုတ် ရက်တို့ လကုန်ရက်တို့မှ မှန်းပြီး ဖမ်းတာ။ အခုဖမ်းတာ ယူနီဖောင်းဝတ်တွေတင်မဟုတ်တော့ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လမ်းလူမိုက်တွေက ခပ်တည်တည်ဖမ်း ပိုက်ဆံတောင်းတာ” လို့ ကိုနေက ရှုပ်ထွေးလှတဲ့ ဆိုင်ကယ်ပြဿနာရဲ့ လက်ရှိအခြေအနေကို ပြောပြပါတယ်။
 
တစ်နှစ်နီးပါးအကြာမှာတော့ ကိုနေရဲ့ ဆိုင်ကယ်ဟာလည်း ယူနီဖောင်းဝတ်တွေရဲ့ ဖမ်းပြီးသိမ်းယူသွားတဲ့ အထဲပါသွားခဲ့ပါတယ်။
 
“ကျနော့်ဆိုင်ကယ်က သူတို့ဖမ်းမသွားလည်း တခြားကောင်လုမှာပဲ။ ဆိုင်ကယ်တစ်စီးပိုင်ရင် အလုခံရမလား၊ အဖမ်းခံရမလား၊ အခိုးခံရမလား ကံစမ်းမဲကျမယ့်နေ့စောင့်နေရတယ်လေ” လို့ သူက ပြောပါတယ်။
 
ဝယ်တုန်းက လေးသိန်းပေးရတဲ့ ဆိုင်ကယ်ဟာ နှစ်နှစ်လောက်အတွင်းမှာပင် သုံးဆလောက်ဈေးမြင့်တက်သွားပြီး ၁၀ သိန်းကျော်တန်ဖြစ်သွားပြီ။ ဒါပေမဲ့ ကိုနေတို့ရဲ့ လုပ်ခလစာကတော့ အချိုးညီတိုးလိုက်မလာပါဘူး။
 
ဆိုင်ကယ်ဝယ်စီးဖို့နေနေသာသာ လင်မယားနှစ်ယောက် တစ်လလုံး ပင်ပင်ပန်းပန်းအလုပ်ဆင်းလို့ ရတဲ့လစာဟာ ငါးသိန်းဝန်းကျင်သာရှိပါတယ်။ ဒီဝင်ငွေနဲ့ပဲ တစ်လလုံး လိုအပ်တာကို လောက်ငအောင်သုံးပြီး လိုအင်တွေကို နည်းနိုင် သမျှနည်းအောင်လျှော့ချထားရပါတယ်။
“ကျနော့်ထက်အားနည်းတဲ့ သူတွေကို ကူညီချင်တဲ့ စိတ်ပဲရှိတော့တယ်” လို့ သူရဲ့ လက်တလောမှာထားရှိတဲ့ ဆန္ဒကို ပြောပြပါတယ်။
 
ခုလို ဘာဆိုဘာမျှ မသေချာမရေရာ အခြေအနေမျိုးမှာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ ကိုနေတို့လင်မယားဟာ ကလေးယူဖို့တောင် စိတ်မကူးနိုင်ဖြစ်နေရပါတယ်။
 
“မိန်းမကတော့ ခေတ်ကောင်းမှတဲ့။ ဘယ်ခေတ်ကောင်းလဲတော့ ကျနော်လည်းမသိ။ ကလေးရလာရင်တော့ မွေးဖို့ ကျနော်ရဲရင့်ပါတယ်” လို့ ကိုနေက ပြောပါတယ်။
 
▪တစ်လလုံးမှာ တစ်ညနေပဲပျော်ရသူတွေ
 
အာဏာသိမ်းပြီးနောက် အထွေထွေကုန်ဈေးနှုန်းက တရိပ်ရိပ်မြင့်တက်လာချိန်မှာ ဝင်ငွေနဲ့ ထွက်ငွေမမျှတာက ပြည်သူလူထုအတွက် ပခုံးပေါ်ထမ်းပိုးတင်ခံထားရပြီး နေ့စဉ်နဲ့အမျှ နွားလိုရုန်းနေကြရသလိုဖြစ်စေပါတယ်။
 
အာဏာသိမ်းပြီးနှစ်နှစ်ကြာချိန်မှာ ကုန်ဈေးနှုန်းက သုံးလေးဆ တိုးလာတဲ့အထိတောင် စက်ရုံလုပ်သားတွေရဲ့ အနည်းဆုံး လုပ်ခဟာ တစ်ရက်ကို ၄,၈၀၀ ကျပ်ကနေ တိုးမလာပါဘူး။ ဒီပမာဏဟာ အာဏာမသိမ်းမီ ဒေါ်လာဈေး ၁,၂၀၀ ကျပ်ပေါက် စဉ်ကာလကတည်းက သတ်မှတ်ထားခဲ့တဲ့ နှုန်းထားဖြစ်ပါတယ်။
 
ခုကာလမှာတော့ အလုပ်ချိန် ၈ နာရီ ရှိတဲ့ အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာဟာ ၂ ဒေါ်လာသာ ရှိတာကြောင့် တိုင်းပြည်ရဲ့ အခြေခံအကျဆုံးအလုပ်သမားထုရဲ့ဝင်ငွေဟာ နိုင်ငံတကာဆင်းရဲမွဲတေမှုမျဉ်းအောက် လျော့နည်းနေပါတယ်။
 
“လစာထုတ်တဲ့နေ့ တစ်ညနေ ဘီယာသောက်ရတယ်။ အခု ကျနော့်အပျော်က ဘီယာသောက်ရတဲ့နေ့ပဲ။ ဒီထက်ပိုပြီး မစွမ်းဘူး” လို့ ကိုနေက ပြောပါတယ်။
 
အပန်းပြေပျော်ရွှင်ဖို့ထက် အလုပ်ပင်ပန်းတာ၊ ကျန်းမာရေးကို ဂရုမစိုက်နိုင်တာ၊ အလုပ်ချိန်နဲ့ ကိုယ်ရေးကိုယ်တာချိန် လုနေရတာ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေကိုပဲ စက်ရုံလုပ်သားအားလုံး လည်စင်းခံနေရပါတယ်။
 
စက်ရုံပိတ်သိမ်းလို့ စာချုပ်ပါအတိုင်း လျော်ကြေးမပေးဘဲ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေလည်း ထောင်သောင်းချီရှိနေခဲ့ပါတယ်။ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရဆို စစ်အာဏာသိမ်းပြီးနောက်ပိုင်း လှိုင်သာယာမှာ အလုပ်သမားထောင်ချီရှိတဲ့ စက်ရုံပေါင်းအနည်းဆုံး ၂၀ ပိတ်သိမ်းသွားခဲ့ပါပြီ။
 
“အလုပ်ကြီးပဲ လုပ်နေရင်း သေဖို့ပဲရှိတော့တယ်။ ကျန်တာ အချိန်မပေးနိုင်တော့ဘူး။ ဘော်ဒါအပေါင်းအသင်းနဲ့တောင် တစ်နှစ်တစ်ခါ ဆုံရဖို့မသေချာဘူးလေ။ ဒီလောက်အလုပ်ထဲ အချိန်ပေးပြီး ဘာမျှလဲ ဖြစ်မလာဘူး။ ကျနော်လည်း တခြားဖြစ်ချင်တာတွေရှိသေးတာပေါ့။ ဘာမှမလုပ်နိုင်တော့ဘူး။ စိတ်ပျက်တယ်၊ ဒီနိုင်ငံမှာ လူဖြစ်ရတာ” လို့ ကိုနေက ငြီးတွားပါတယ်။
 
၂၀၂၂ ခုနှစ်အတွင်း စားသောက်ကုန်စက်ရုံ၊ အားကစားပစ္စည်းထုတ်စက်ရုံ၊ စက်မှု၊ လူသုံးကုန်နဲ့ အထည်ချုပ်စက်ရုံစတဲ့ စက်ရုံ ၁၂၀ ကျော်မှာ အလုပ်သမားအခွင့်အရေးချိုုးဖောက်မှုမျိုးစုံရှိခဲ့တယ်လို့လည်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – FGWM က ထုတ်ပြန်ထားပါတယ်။
 
FGWM အဖွဲ့ကို လာရောက်တိုက်တန်းမှု ၃၀၀ ကျော်ရှိရာ ရာခိုင်းနှုန်းအနည်းငယ်ကိုသာဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
▪အာဏာရှင်တွေ လျှော့မတွက်ရဲတဲ့ အလုပ်သမားထု
 
စက်ရုံအလုပ်သမားတွေအပေါ် ခုလိုအာဏာပြဖိနှိပ်တာဟာ အာဏာမသိမ်းမီကာလက တက်ကြွစွာလှုပ်ရှားခဲ့တဲ့ အလုပ် သမားတွေရဲ့ စွမ်းအားကို လျှော့မတွက်ရဲတာကြောင့်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ယူဆကြပါတယ်။
 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဖို့ စိတ်ကူးခဲ့တဲ့ အစိုးရတွေဟာ အလုပ်သမားဆိုင်ရာ ဥပဒေတွေကို ပြဌာန်းလိုက်၊ အလုပ်သမားတွေအဆင်မပြေလို့ ဆန္ဒပြကြတဲ့အခါ ပြင်ဆင် ဖြည့်စွက် လိုက် စတာတွေကို အထိုက်အလျောက်လုပ်ခဲ့ပါတယ်။
 
အနည်းဆုံးလုပ်ခလစာ တိုးမြှင့်သတ်မှတ်ဖို့ကိုလည်း အလုပ်သမားတွေက စုစုစည်းစည်းတောင်းဆိုခဲ့ပြီး အလုပ်ရှင်တွေ ဘက်က လိုက်လျောပေးခဲ့ရပါတယ်။ စက်ရုံတွင်း အလုပ်ရှင်ဘက်က အလုပ်သမားအပေါ် ဖိနှိပ်မှုတွေကိုလည်း အလုပ်သမားသမဂ္ဂတွေက စောင့်ကြည့်ပြီး အလုပ်ရှင်ရော အစိုးရကိုပါ ပြန်လည်ဖိအားပေး ဖြေရှင်းနိုင်ခဲ့ကြပါတယ်။
 
အရင်ကတည်းက သပိတ်တိုက်ပွဲတွေနဲ့ ယဉ်ပါးလာတဲ့ အလုပ်သမားလူတန်းစားဟာ စစ်အာဏာသိမ်းမှုကို အစောဆုံး လမ်းပေါ်ထွက် ဆန့်ကျင်ခဲ့ကြသူတွေထဲမှာ အင်အားအကြီးဆုံးဖြစ်လာခဲ့ပါတယ်။
 
ဖေဖော်ဝါရီ ၆ ရက်နေ့ လမ်းပေါ်သပိတ်တိုက်ပွဲများစတင်စဉ်ကတည်းက အလုပ်သမားထုဟာ အင်နဲ့အားနဲ့ ထွက်လာခဲ့ပြီး စက်ရုံတွေဟာ မလည်ပတ်နိုင်အောင်အထိတောင် ဖြစ်ခဲ့ရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂအဖွဲ့ချုပ် (မြန်မာ) – STUM က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
နောက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂနဲ့ အဖွဲ့ အနည်းဆုံး ၁၆ ခုကို ဖျက်သိမ်းကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမားခေါင်းဆောင် ၃၀၁ ဦး အဖမ်းခံရပြီး ၅၅ ဦးသေတယ်လို့ ကုန်သွယ်ရေးဆိုင်ရာကျင့်ဝတ်စောင့်ကြည့်ရေးအဖွဲ့ (ETI) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
“အဲဒီအချိန်မှာ စက်ရုံလုံးကျွတ်တွေ ထွက်ကြတာဆိုတော့ လုပ်ငန်းတွေလည်း ရပ်ဆိုင်းသွားမလို ဖြစ်တယ်။ ဦးဆောင်သူတွေကြည့်လိုက်ရင် မှတ်ပုံတင်ထားတဲ့အဖွဲ့ထဲက လူတွေက နည်းတယ်။ မှတ်ပုံတင်ထားတာဆိုလို့ CTUM (မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်) လောက်ပဲရှိတယ်။ တစ်ခြားအဖွဲ့တွေက မှတ်ပုံတင်မထားဘူးဆိုတာ (စစ်ကောင်စီက) သိတော့ ဒီကြေညာချက်ထုတ်ပြီး ခြောက်လှန့်လိုက်တာ။ ဖမ်းဖို့လွယ်အောင်ပေါ့နော်။ အားလုံးက တရားမဝင်အသင်းအဖွဲ့ကို ဦးဆောင်တယ်ဆိုတဲ့ ပုဒ်မတွေတက်ပြီး” လို့ STUM က တာဝန်ရှိသူတစ်ဦီးက ရှင်းပြပါတယ်။
 
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးလို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ အလုပ်သမားအဖွဲ့အားလုံးကို ဖျက်သိမ်းလိုက်တာတော့ မဟုတ်ပါဘူး။ စက်ရုံတွေမှာ အလုပ်သမားအဖွဲ့နဲ့ အလုပ်သမားခေါင်းဆောင်တချို့ကိုတော့ လက်ခံပေးထားပါသေးတယ်။
 
ဒါပေမဲ့ ဒီအလုပ်သမားအဖွဲ့တွေက ဟန်ပြသဘောမျိုုးနဲ့ သာရေး၊ နာရေးလောက်သာ လုပ်ပိုင်ခွင့်ရှိပြီး အခြေခံကျတဲ့ အလုပ်သမားပြဿနာတွေ ဖြေရှင်းဖို့အထိ အာဏာမရှိဘူးလို့ အလုပ်သမားတွေက သုံးသပ်ပါတယ်။
 
ယခင်ကတည်းက တရားဝင်မှတ်ပုံတင်ထားပြီး ဖျက်သိမ်းမခံရဘဲ ကျန်ရှိနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – CTUM ကိုလည်း NUG၊ CRPH နဲ့ ILO တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်ဆိုတဲ့ စွဲချက်နဲ့ အလုပ်အမှုဆောင်တချို့ကို စစ်ကောင်စီက အရေးယူတာတွေလုပ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက CTUM ရဲ့ အလုပ်အမှုဆောင်အဖွဲ့ကို အသစ်ရွေးချယ်ဖို့လိုကြောင်း ၂၀၂၃၊ မတ် ၁၃ ရက်မှာ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်ပြောခဲ့ပါတယ်။
 
ဒါဟာ မှတ်ပုံတင်ထားပြီး တရားဝင်တည်ရှိနေတဲ့ အလုပ်သမားအဖွဲ့ကို ထပ်ပြီးတင်းကျပ်တဲ့အနေနဲ့ စစ်ကောင်စီအလိုကျ ကြိုးကိုင်ခြယ်လှယ်မယ်ဆိုတဲ့ သတိပေးသံလည်းဖြစ်ပါတယ်။
“စက်ရုံတွေမှာ ကျန်နေတဲ့ သမဂ္ဂတွေဆိုတာကလည်း သူတို့(စက်ရုံအာဏာပိုင်တွေ) ခေါ်တိုင်း လာမယ်။ သူတို့အစည်းအဝေးလုပ်မယ်ဆိုရင်လာထိုင်မယ်၊ ဟန်ပြပေါ့နော်။ အဲဒီ့လိုမျိုးလုပ်ပြဖို့ ကျန်နေတဲ့ အဖွဲ့တွေဆိုတော့ ကျမတို့အလုပ်သမားအဖွဲ့တွေဘက်က သူတို့ကို သမဂ္ဂအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး။” လို့ STUM က ပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားသမဂ္ဂဖွဲ့လိုပါက လွတ်လပ်စွာဖွဲ့စည်းနိုင်ကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီထန်းချုပ်ထားတဲ့ စက်မှုဇုန်နယ်မြေတွေမှာတော့ မှတ်ပုံမတင်ဘဲ သမဂ္ဂဖွဲ့စည်းလို့ မရနိုင်သေးပါဘူး။
 
▪အဖြုတ်ခံ အလုပ်သမားခေါင်းဆောင်
 
လုပ်သက်ရင့်တဲ့ ကိုနေဟာဆိုရင် အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်ရုံတွေပြန်ဖွင့်တဲ့အခါ သူ့စက်ရုံထဲမှာ အလုပ်သမားခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါသေးတယ်။
သူ့ကို အလုပ်သမားရော အလုပ်ရှင်ဘက်ကပါ အလုပ်သမားခေါင်းဆောင်အဖြစ်အသိအမှတ်ပြုကြပြီး စက်ရုံတွင်းအသေးအဖွဲ ကိစ္စတချို့ကို သူ့ဆီလာရောက် တိုင်တန်းတဲ့အခါ တတ်နိုင်သလောက်ဖြေရှင်းနိုင်ခဲ့ပါတယ်။
 
တစ်ရက်မှာတော့ သူ့ဆီကို ရောက်လာတဲ့ အလုပ်သမတစ်ယောက်ရဲ့ မတော်တဆဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရင်း စက်ရုံအလုပ်သမားထုအပေါ်ထားတဲ့ စက်ရုံအာဏာပိုင်တွေရဲ့ စေတနာကို သူနားလည်ခဲ့ ရပါတယ်။
 
ထိုနေ့က အလုပ်ပိတ်ရက်ဖြစ်ပေမဲ့ သူတို့စက်ရုံက အချိန်ပိုခေါ်တာကြောင့် အလုပ်သမတစ်ဦးဟာ အချိန်ပိုဆင်းဖို့ ဖယ်ရီကားနဲ့အသွား ကားပေါ်ကပြုတ်ကျကာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလုပ်ပိတ်ရက် အချိန်ပိုခေါ်ပေမဲ့ စက်ရုံရဲ့ ရုံးပိုင်းက ပိတ်ထားတာကြောင့် ဒီမတော်တဆမှုကို စက်ရုံဘက်အသိပေးဖို့ အခြေအနေမရှိပါဘူး။
 
ယာဉ်မောင်းကတော့ သူတာဝန်ယူတဲ့အနေနဲ့ ဆေးခန်းပြပေးမယ်ဆိုတာကို အနေအေးပြီး အားနာတတ်တဲ့ ထိုအလုပ်သမက သွေးပူနေတုန်းငြင်းလိုက်ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ အလုပ်သမက မူးလဲမတတ်ဖြစ်လာလို့ လုပ်ငန်းခွင်ကိုမရောက်ဘဲ အဆာင်ကို လူတွဲနဲ့ပြန်လာခဲ့ရပါတယ်။
ထို့နောက် ဆေးရုံတက်ဓာတ်မှန်ရိုက်ရတဲ့အကြောင်း အလုပ်သမရဲ့ မိသားစုဝင်အစ်မက အလုပ်သမားခေါင်းဆောင် ကိုနေ့ကို အားကိုးတကြီး လာရောက်တိုက်တန်းပါတယ်။
 
ကိုနေဟာ ကားသမားနဲ့ အရင်သွားတွေ့တဲ့အခါ ကားသမားက ဆေးဖိုးကျသလောက်ရှင်းပေးမယ့် အကြောင်းပြောပါတယ်။ ဒီအကြောင်းစုံကို စက်ရုံကိုအကြောင်းကြားတဲ့အခါမှာတော့ ရုံးပိုင်းက သူတို့ကိုအကြောင်းမကြားတာကြောင့် ဒီဖြစ်ရပ်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ပါတယ်။
ထို့နောက် စက်ရုံတာဝန်ရှိသူတွေက နစ်နာသူအလုပ်သမားကို လစာမဲ့ခွင့်နှစ်ရက်ပဲပေးပြီး သုံးရက်ပျက်ရင် အဖြုတ်ခံရမယ်လို့ သတိပေးခံရပါတယ်။
 
“ပြဿနာက အဲ့ဒီမှာ စတက်တာပဲ။ သူငြင်း ကိုယ်ငြင်းနဲ့ မပြီးတော့ဘူး။ ကျနော့်မှာလည်း ကျနော်ပဲရှိတယ်။ တခြားတိုင်စရာ ဘယ်မျှမရှိဘူး။ ကောင်မလေးကလည်း ငိုမဲ့မဲ့နဲ့ ကားသမားက ဆေးဖိုးရှင်းပေးရင် ရပါပြီ ကိုကြီးရယ်တဲ့” လို့ပြောပြီး စက်ရုံဘက်က ငြင်းဆန်တာကို လက်ခံခဲ့ရတယ်လို့ ကိုနေကပြောပါတယ်။
 
နောက်တစ်ပတ်လောက်အကြာမှာတော့ စက်ရုံအလုပ်သမရဲ့ ဆေးဖိုး ဘောင်ချာကို ကိုနေက ကားသမားထံ သွားပေးခဲ့ပါတယ်။ ကားသမားက ကျသင့်ငွေ နှစ်သိန်းကျပ်ကို လစာထုတ်မှပေးနိုင်မယ်ပြောပြီး ရက်ပိုင်းစောင့်ဖို့ ပြန်ပြောခဲ့ပါတယ်။
 
ဒါပေမဲ့ ကားသမားက ထိုဆေးဖိုးစရိတ်ဘောင်ချာကို မန်နေဂျာဆီသွားပေးပြီး ဆေးဖိုးလာတောင်းနေကြောင်း ပြောတဲ့အခါ စက်ရုံရုံးပိုင်းနဲ့ ထပ်မံစကားပြောခဲ့ရပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း စက်ရုံက မူလသဘောထားအတိုင်း ဖြစ်ဖြစ်ချင်း ရုံးကို အကြောင်းမကြားလို့ဆိုတာအပြင် ဆေးကုသမှုမှတ်တမ်းက မခိုင်လုံလို့ဆိုတာနဲ့ပါ ပယ်ချခဲ့ပြန်ပါတယ်။
 
“ကျနော်တို့ လက်လျှော့လိုက်ရပါတယ်။ တစ်ပြားမျှလဲ မရ၊ ခံစားခွင့်လည်းမရ။ အခြေခံအခွင့်အရေးတောင် တော်တော်တိုက်ယူနေရတယ်” လို့ ကိုနေက ပြောပါတယ်။
လပိုင်းအကြာမှာ စက်ရုံရဲ့ ရုံးပိုင်းတာဝန်ရှိသူတွေနဲ့ အဖွဲ့ကျတဲ့ အလုပ်သမားခေါင်းဆောင်အသစ် တက်လာပြီး ကိုနေ ရာထူးအဖြုတ်ခံလိုက်ရပါတော့တယ်။
 
▪ကမ္ဘာကျော်ခဲ့ပေမယ့် ကယ်သူမဲ့နေတဲ့ အလုပ်သမားတွေ
 
မြန်မာနိုင်ငံက စက်ရုံလုပ်သားတွေရဲ့ အခွင့်ရေးချိုးဖောက်ခံရမှု အခြေအနေကို ကူညီနိုင်မယ့် ပြည်တွင်းအဖွဲ့အစည်းတွေဟာ လက်ရှိလုံခြုံရေးအခြေအနေအရ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ခွင့်မရှိပါဘူး။
 
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ – ILO ကတော့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အရေးယူဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ် ဇွန်လကစတင်ပြီး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးရေးလုပ်နေပေမဲ့ အလုပ်သမားတွေအတွက် ဘာထူးခြားမှုမျှ ရှိမလာသေးပါဘူး။
 
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ်မှာတော့ မြန်မာနိုင်ငံက စက်ရုံအလုပ်သမားတွေရဲ့ အခြေ အနေဆိုးတွေဟာ ကမ္ဘာသိကြေညာမောင်းခတ်ခံခဲ့ရပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဝင် အားကစားသမားတွေဝတ်တဲ့ တန်ဖိုးကြီး ဝတ်စုံတွေကို မြန်မာနိုင်ငံက လုပ်ခလစာနည်းအလုပ်သမားတွေချုပ်တာပါဆိုပြီး နယူးယော့ခ်တိုင်းက သတင်း ဆောင်းပါး ဖော်ပြခဲ့တာပါ။
 
‘Who made your World Cup Jersey? – ကမ္ဘာ့ဖလားက ဂျာစီတွေဘယ်သူချုပ်ခဲ့တာလဲ’ ဆိုတဲ့ ဒီဆောင်းပါးထဲမှာ Nike နဲ့ Adidas အမှတ်တံဆိပ်ပါ ဂျာစီတွေဟာ ဒေါ်လာ ၉၀ နဲ့ ၁၅၀ ကြားရှိပြီး ဖိနပ်တွေက တစ်စုံကို ဒေါ်လာ ၂၀၀ လောက် ဈေးရှိပါတယ်၊ အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခကတော့ ၃ ဒေါ်လာတောင် မရှိဘူးလို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် စက်ရုံလုပ်သားတွေဟာ အလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံနေရပြီး ညံ့ဖျင်းတဲ့ အလုပ်ဝန်းကျင်တွေကိုလည်း ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
 
၂၀၂၂ ခုနှစ်အောက်တိုဘာလက လုပ်ခလစာတိုးတောင်းဖို့ ထောင်ချီတဲ့အလုပ်သမားတွေဆန္ဒပြတဲ့ စက်ရုံတစ်ရုံမှာလည်း စက်ရုံမန်နေဂျာရဲ့ ဖိတ်ခေါ်မှုအရ စစ်သားတွေရောက်လာပြီး အလုပ်သမား ၂၀ ကျော်နဲ့ သမဂ္ဂအဖွဲ့ဝင် ၁၆ ဦး အလုပ်ထုတ်ပစ်ခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။
 
ဒီအခြေအနေကို အာရုံစိုက်မိသူတွေကတော့ အကြီးကျယ်ဆုံးအားကစားပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားအတွက် ဂျာစီနဲ့ ဖိနပ်တွေချုပ်ပေးနေရတဲ့ နောက်ကွယ်က စက်ရုံလုပ်သားတွေကို အသိအမှတ်ပြုစဉ်းစားပေးဖို့ ထောက်ပြလာကြပါတယ်။
 
ဒါပေမဲ့ ဒီသတင်းက ပွဲကျင်းပစဉ်ကာလအတွင်းမှာသာ ပျံ့နှံခဲ့တာပဲရှိပြီး တကယ်တမ်း စက်ရုံလုပ်သားတွေအပေါ်မှာ ထိရောက်တဲ့ ပြောင်းလဲမှုဖြစ်လာနိုင်စရာ အခြေအနေမရှိပါဘူး။
 
စစ်အာဏာသိမ်းထားပြီး အကြမ်းဖက်မှုတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ စက်ရုံလုပ်သားတွေဟာ အဘက်ဘက်က ဖိစီးနေတဲ့ ဒီလိုအခြေအနေကနေ ရုန်းထွက်ချင်နေကြပေမယ့်လည်း လက်ရှိအခြေအနေအမှန်ကို ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြောဆိုဖို့တောင် မဝံ့မရဲဖြစ်နေကြပါတယ်။
ဒါကြောင့်လည်း ဒီဆောင်းပါးမှာ အဖြစ်အပျက်နဲ့ အခြေအနေတွေကိုသာ အမှန်အတိုင်းရေးသားနိုင်ပြီး သတင်းရင်းမြစ် ကိုနေရဲ့အမည်ဟာ လွှဲထားတဲ့နာမည်သာဖြစ်ပါတယ်။ ဒါတောင် အန္တရာယ်ကင်းတယ်လို့ မဆိုနိုင်ပါဘူး။
 
“အလုပ်အကိုင်ရှားမှုပြဿနာ၊ နိုင်ငံရေးပြဿနာ၊ စားဝတ်နေရေးပြဿနာတွေနဲ့ ဝန်ထမ်းတွေက မလှန်ရဲကြဘူး။ အားကိုးစရာ အလုပ်သမားသမဂ္ဂကလည်းမရှိဘူး။ နေ့တိုင်းအလုပ်ပတ်လျှောက်နေကြတဲ့ လူတွေချည်းပဲ။ အခုနောက်ပိုင်း စက်ရုံတွေထဲမှာ ယောကျ်ားလေးဝန်ထမ်းမခေါ်တော့ဘူး။ အဲ့ဒီတော့ အပြင်မှာ သူခိုးကြမ်းပိုးနဲ့ သူတောင်းစားတွေ ပိုပေါလာတာပေါ့” လို့ ကိုနေက ပြောပါတယ်။
 
အရင်ကတည်းက အလုပ်လုပ်သလောက် အကျိုးအမြတ်မရဘဲ စားဖို့နေဖို့အတွက်ရုန်းကန်နေရတဲ့ စက်ရုံလုပ်သားတွေဟာ စစ်အာဏာသိမ်းပြီးနောက် စံနှုန်းမဲ့လုပ်ငန်းခွင်အတွင်းမှာ အထက်ကိုဖား၊ အောက်ကိုဖိနဲ့ ဆူပူကြိမ်းမောင်းခံနေရပါတယ်။
 
စက်ရုံဘက်က အလုပ်သမားကို အလုပ်ဖြုတ်ချင်လာတဲ့အခါမှာလည်း နစ်နာကြေးမပေးရအောင် အလုပ်တွေကို အလုပ်သမားက စိတ်ကုန်လာတဲ့အထိ ဖိခိုင်းနေတယ်လို့ ကိုနေကဆိုပါတယ်။
“ခုဆို စက်ရုံကို စစ်ဆေးရေးတွေတော့လာကြပါတယ်။ ဘယ်လိုလူတွေလဲတော့မသိဘူး။ စားသောက် ပိုက်ဆံယူပြီး ပြန်သွားကြတာပဲ။ ဒီတော့ စက်ရုံလုပ်သားအခွင့်အရေးဆုံးရှုံးမှုတွေက ပိုဆိုးလာတယ်။ တချို့ဆို အခွင့်အရေးဆိုတာ ဘာမှန်းတောင် မသိကြဘူး။ ပြဿနာတက်ရင် အထက်က မိုက်ရိုင်းတဲ့ စကားလုံးတွေ သုံးလာတာတောင် မျက်ရည်ကျခံပြီး လုပ်နေရရှာတယ်” လို့ သူက ပြောပါတယ်။
 
သူကိုယ်တိုင်လည်း သူရဲ့လူမှုဖူလုံရေးကြေးကို စက်ရုံပိုင်ရှင်တွေက စာချုပ်ပါအတိုင်းမပေးဘဲ ခံစားခွင့်မရဖြစ်နေပါတယ်။ သူအခုလုပ်နေတဲ့ စက်ရုံမှာ လုပ်သက် ၆ လကျော်ရင် လှုမှုဖူလုံရေးကြေးပေးရမယ်လို့ စာချုပ်ထဲမှာ ဖော်ပြထားပေမယ့် တစ်နှစ်ပြည့်ခါနီးအထိတောင် သူ့မှာမရနိုင်ဖြစ်နေတာပါ။
 
ဆိုးဝါးသထက်ဆိုးဝါးလာတဲ့ ဒီအခြေအနေက ဘာကြောင့်ဖြစ်လာတာလဲဆိုတာကို စက်ရုံအလုပ်သမား တစ်ဦီးကို အနည်းငယ်မေးမြန်းစူးစမ်းကြည့်ရုံနဲ့ သေချာပေါက်သိနိုင်ပါတယ်။
စိတ်ရှည်သည်းခံပြီး နှစ်အကြာကြီး စက်ရုံအလုပ်သမားဘဝနဲ့ ရပ်တည်နေခဲ့တဲ့ ကိုနေကတော့ သူရဲ့အမြင်ကို အောက်ပါအတိုင်းပြောပါတယ်။
 
“နိုင်ငံရေးအဆင်ပြေမှပဲ ဖြစ်မယ်။ မဟုတ်ရင် လည်နေမှာပဲ။ အိမ်ခေါင်မိုးမှ မိုးမလုံတာ ကြမ်းပြင်က ရေလိုက်သုတ်နေတော့ ဘာထူးမှာလဲ”
 
_ END _