မတ်၊ ၂၉
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မြောက်ခြမ်းမှာ အထိုင်ချတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မတ်လ၂၉ရက်၊ မနက် ၈နာရီအချိန်က ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုးခဲ့တာကြောင့် ကျေးရွာ ၃ဝကျော်က အရပ်သား ၁ဝဝဝဝကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ မြို့ပေါ်က တတ်လာတဲ့စစ်ကြောင်း မနက် ၈ခွဲ ၉နာရီလောက်က စစ်ကြောင်းထိုးလာတာ အင်အားကတော့ ၁ဝဝလောက်ရှိတယ် ’’ လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ခံ ကိုစစ်ငြိမ်းက DNA ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ လက်နက်ကြီး၊ ငယ်တွေပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ဆားထုံးအုပ်စု၊ တုံအုပ်စု၊ ဖောင်းကတာအုပ်စုက ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ ၁ဝဝဝဝကျော် စစ်ရှောင်နေကြရပါတယ်။
အဆိုပါစစ်ကောင်စီတပ်တွေဟာ ယမန်နေ့ညပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ ဘယ်လောက်ထိခိုက်တယ်မသိရပေမယ့် ဒဏ်ရာရတဲ့လူနာတွေကို မုံရွာကိုပို့ဖို့ လုပ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
“ စစ်ကောင်စီတပ်တွေက ဘယ်လမ်းက သွားမယ်မှန်းက မသိဘူး။ စစ်ဘေးရှောင်တွေ အခက်ခဲဖြစ်မှာစိုးလို့ ပုသိမ်မုံ-ရွာလမ်းပိုင်းနဲ့ ဆားလင်းကြီး-မုံရွာလမ်းပိုင်းကို အရေးပေါ်ပိတ်သိမ်းလိုက်တယ်။ ပုံမှန်ဆိုရင် အဲ့လမ်းပေါ်မှာ ကုန်ကားတွေ အမြဲဖြတ်နေတာမို့ စစ်ရှောင်တွေ လမ်းပိတ်မှာစိုးလို့ “ လို့ ဆားလင်းကြီးပကဖက ပြောပါတယ်။
ဆားလင်းကြီးကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်မှော် ၊ ပိုင်းတောင်ကြီး ၊ ဆားထုံ ၊ ဘင်္ဂါး ကျေးရွာတွေကိုဖြတ်ပြီး ဝဲကြီး၊ ဝဲကွဲကျေးရွာကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ပံတောင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေကို လာကြိုတဲ့ စက်လှေတွေ ရောက်ရှိနေပြီး မုံရွာစစ်ဆေးရုံကို သွားကြမယ်ထင်တယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်တွေအရ သိရပါတယ်။
“ ဆားလင်းကြီးက ခနခနစစ်ရှောင်နေရတာ၊ တလထဲကို ၅ခါရှိနေပြီ၊ စစ်ကြောင်းဝင်လာလိုက် ပြေးလိုက်ပဲပေါ့။ အိမ်ကလူကြီးတွေနဲ့ ကလေးတွေကိုတော့ မုံရွာက အမျိုးတွေအိမ်ကို ပို့ထားတာ ။ လုပ်နိုင်ကိုင်နိုင်သန်သန်မာမာရှိတဲ့သူတွေပဲ အိမ်မှာ အိမ်စောင့်နေခဲ့တာ ” လို့ ဆားလင်းကြီးမြို့က ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီးနယ်ထဲကို မကြာခဏ ဆိုသလို ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ လုယက်မီးရှို့လို့ ဆားလင်းကြီးမြို့နယ်မှာ အိမ်ခြေ (၁၃၀၀)ကျော် မီးလောင်ပြာကျခဲ့ပြီး ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကောင်စီဟာ တနိုင်ငံလုံးမှာ ဘာသာရေးအဆောက်အအုံအပါအဝင် အိမ်ခြေပေါင်း ၆၀၄၅၉ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက ၄၇၇၇၈ လုံး ပါဝင်ပါတယ်။
စစ်ကြောင့် နေရပ်စွန့်ခွာရသူပေါင်း ၁ ဒဿမ ၇ သန်းကျော်ရှိလာပြီး စစ်ကိုင်းတိုင်းရဲ့ လူဦးရေ ၁၅ ရာခိုင်နှုန်းဝန်းကျင်ဖြစ်တဲ့ လူဦးရေ ရှစ်သိန်းဝန်းကျင်ဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ တနိုင်ငံလုံးက မြို့ပေါင်း ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကိုင်းတိုင်းမှာတော့ ဆားလင်းကြီးအပါအဝင် ၁၄ မြို့နယ်ပါဝင်ပါတယ်။
ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ