မြင်းမူမြို့ကိုစစ်ကောင်စီတပ်ဝင်ရောက်ပြီးနောက် ဒေသခံငါးထောင်ကျော် စစ်ရှောင်နေကြရ၊ အသက်၅၀ ကျော်အရွယ်အမျိုးသမီးတဦး မုဒိန်းကျင့်ခံရ

မတ်၊ ၂၉

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်ထဲကိုမတ်လ ၂၆ ရက်နေ့ထဲကနေ စစ်ကောင်စီရဲ့ တပ်လ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းဟာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ကျေးရွာပေါင်းလေးရွာက အရပ်သား ငါးထောင်ကျော်ဟာ အခုချိန်အထိဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

အဲ့ဒီ့်ဘီလူးစစ်ကြောင်းဟာ မြင်းမူမြို့နယ်ထဲက ခြေတော်ရာ ကျေးရွာကို မတ်လ ၂၆ ရက်နေ့ညနေထဲကရောက်ရှိ တပ်စွဲခဲ့ပြီး ကျေးရွာအတွင်း ဒေသခံတွေရဲ့နေအိမ်တွေကပစ္စည်းတွေကို ခိုးယူခဲ့သလို အသက် ၅၀ အရွယ်အမျိုးသမီးကြီး တဦးကိုလဲ မုဒိန်းကျင့်ခဲ့တယ်လို့လည်းဒေသခံတွေကအတည်ပြုပါတယ်။

“ဖြစ်တာက၂၆ရက်နေ့သူတို့ဝင်တဲ့နေ့မှာပဲဖြစ်တာ။ဝင်ဝင်ချင်းမပြေးနိုင်တဲ့သူတွေထဲမှာကျန်ခဲ့တော့အဖမ်းခံရပြီးမုဒိန်းကျင့်ခံလိုက်ရတာပါ။ဆက်ပြိးဖမ်းတော့မထားဘူး။နောက်ဆုံးသိရသလောက်ပြန်လွတ်လာပြီလို့သိရတယ်။ဒီနေ့မနက်တော့ဒီကောင်တွေမြောင်ထဲပြန်ဝင်သွားတယ်။ဒေသခံတွေကတော့စိတ်မချရသေးလို့ပြန်မဝင်ရဲသေးဘူး”လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးမှတာဝန်ရှိသူတဦးကပြောပါတယ်။

ဒါ့အပြင် မတ်လ၊၂၇ ရက်နေ့ နံနက်ပိုင်းကလဲ ခြေရာတော်ရွာ တောင်ဘက်ရှိ ကြက်ခြံမှ  ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေ့ခင်းပိုင်းတွင် ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်တွေလဲ ဖြစ်ပွားခဲ့သေးတယ်လို့လဲသိရပါတယ်။

“အခုလက်ရှိက မြင်းမူခြေရာတော်ကနေ မြောင်မြို့နယ်ကိုဘီလူးစစ်ကြောင်းက ဒီနေ့မနက်မှာပြန်ဝင်သွားတယ်ဗျ။ခြေရာတော်ကျေးရွာ ဒေသခံပြည်သူတွေနဲ့အနီးနားရွာ ဒေသသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်။တိုက်ပွဲကတော့အပြင်းအထန်ဖြစ်တာမျိုးတော့မရှိဘူး။မနေ့ကတော့မြင်းမူအတိုင်စစ်တပ်စခန်းတခုလက်နက်ကြီးနဲ့အပစ်ခံရတယ်။ဒေသခံတွေကတော့သူတို့ဝင်လာရင်ထွက်သူတို့ထွက်ရင်ပြန်ဝင်နဲ့အတော်တော့ဒုက္ခရောက်ကြပါတယ်။”လို့မြင်းမူဒေသခံတဦးက DNA ကိုပြောပါတယ်။

လက်ရှိစစ်ကောင်စီစစ်ကြောင်းဟာမြင်းမူနယ်ထဲကထွက်သွားပေမယ့်စိတ်မချရသေးတဲ့အခြေအနေကြောင့်ခြေရာတော်ရွာ၊ရွာသစ်ရွာ၊ကြော့မင်းရွာ၊စံပါယ်ကန်ရွာကဒေသခံပြည်သူ ငါးထောင်ကျော် ခြောက်ထောင်နီးပါးဟာဘေးလွတ်ရာတွေမှာရှောင်တိမ်းနေထိုင်နေကြရတယ်လို့ဆိုပါတယ်။

အခုမြင်းမူနယ်ထဲကိုဝင်ရောက်စစ်ကြောင်းထိုးတပ်စွဲခဲ့တဲ့ စစ်ကြောင်းဟာ ဘီလူးစစ်ကြောင်းဖြစ်ပြီး  မတ်လအတွင်း စစ်ကိုင်းတိုင်း၊ တာတိုင်ရွာမှ အပြစ်မဲ့ပြည်သူ ၁၇ ဦးကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင်  အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၃ဦးကိုလည်း မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြတဲ့အပြင် မြင်းမူနယ် လက္ကပင်ရွာမှ အရပ်သား ရဦးတို့ကိုလည်း ဆက်လက်သတ်ဖြတ်ခဲ့ကြတဲ့ စစ်ကြောင်းဖြစ်တယ်လို့လဲဒေသခံတွေရဲ့အတည်ပြုချက်အရသိရပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်ကြောင်းထိုးတဲ့ အချိန်မှာ ဘီလူးစစ်ကြောင်းလာပြီလို့ကြွေကြော်ပြီး သတ်ဖြတ်လေ့ရှိလို့ ဒေသခံတွေက ဘီလူးစစ်ကြောင်းလို့ ခေါ်ဝေါ်နေကြတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – Social Media