ပိုသေးသွယ်တဲ့ ဒီဇိုင်းသစ် နျူကလီးယား ဒုံးကျည် ထိပ်ဖူးကို မြောက်ကိုရီးယား ထုတ်ပြ

မတ်၊ ၂၉

ပိုမိုသွေးသွယ်ကျစ်လစ်ပြီး နည်းပညာပိုင်းအရ သစ်လွင်တယ်လို့ ယူဆရတဲ့ နျူကလီးယားဒုံးကျည် ထိပ်ဖူးတခုကို မြောက်ကိုရီးယားက ထုတ်ပြန် ပြသသွားခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အဲဒီ အနက်ရောင် ဒုံးကျည်ထိပ်ဖူးကို နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက စစ်ဆေး ကြည့်ရှုနေတဲ့ ဓာတ်ပုံ မှတ်တမ်းတွေကို ဖော်ပြခဲ့ပါတယ်။ ကင်ဟာ အခု သီတင်းပတ် အစောပိုင်းက နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက် ဌာနတခုဆီ သွားရောက်ရင်း Hwasan-31လို့ နာမည်ပေးထားတဲ့ နျူကလီးယား ထိပ်ဖူးတွေကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း KCNAက ဆိုပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကိုရီးယား ကျွန်းဆွယ်နားမှာ အင်အား အလုံးအရင်းနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့တဲ့ အစီအစဉ် အပြီးမှာ မြောက်ကိုရီးယားဖက်က အခု နျူကလီးယား ထိပ်ဖူး အသစ်ကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြလာတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ပြိုင်ဘက် နှစ်နိုင်ငံရဲ့ အဲဒီလို ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ကြိုတင်ပြင်ဆင်မှု အစီအမံတွေလို့ အစဉ်တစိုက် စွပ်စွဲပြီး ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။

ကင်ဟာ နျူကလီးယားသိပ္ပံ ပညာရှင်တွေနဲ့ တွေ့ဆုံချိန်မှာလည်း နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက် ရည်မှန်းချက်တွေနဲ့ ကိုက်ညီစေမယ့် နျူကလီးယား လောင်စာ နည်းပညာတွေ မြှင့်တင်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြဖို့ပါ ထည့်သွင်း တိုက်တွန်းသွားကြောင်း KCNAက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ စစ်လက်နက် ပါရဂူတွေကတော့ မြောက်ကိုရီးယားဟာ ပိုမိုသေးသွယ် ကျစ်လစ်တဲ့ နျူကလီးယား ထိပ်ဖူးတွေ ပိုင်ဆိုင်ရေး လမ်းကြောင်းဆီ တစိုက်မတ်မတ် ဦးတည်နေပြီး အောင်မြင်မှုတွေလည်း စတင် ရရှိနေပြီလို့ ယုံကြည်ရကြောင်း ပြောပါတယ်။ အရွယ်အစား ပိုသေးတဲ့ နျူကလီးယား ထိပ်ဖူးတွေဟာ ရေငုပ်သင်္ဘောတွေ အပါအဝင် ပလက်ဖောင်း အမျိုးမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင် အသုံးပြုနိုင်မယ့် အားသာချက်မျိုး ရှိလာနိုင်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မတူညီတဲ့ ဒုံးကျည် အမျိုးအစား တချို့ကိုလည်း ဆက်တိုက်လိုလို စမ်းသပ် ပစ်လွှတ်ပြခဲ့ပါတယ်။

Ref: AP