ရုရှားနဲ့ ဘီလားရုစ် အားကစားသမားတွေကို နိုင်ငံကိုယ်စားပြု မဟုတ်ဘဲ ယှဉ်ပြိုင်ခွင့်ပေးဖို့ အိုလံပစ် ကော်မတီ ထောက်ခံ

မတ်၊​ ၂၉

ရုရှားနဲ့ ဘီလားရုစ်က အားကစားသမားတွေ အနေနဲ့ အိုလံပစ် ပြိုင်ပွဲတွေမှာ ကိုယ်စားပြု နိုင်ငံ သတ်သတ်မှတ်မှတ် မဟုတ်ဘဲ ပြိုင်ဆိုင်ခွင့်ပြုဖို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC)က ထောက်ခံလိုက်ပါတယ်။

 လောလောဆယ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ အားကစား နယ်ပယ်တွေမှာ ရုရှားနဲ့ ဘီလားရုစ် အားကစားသမားတွေ ယှဉ်ပြိုင်ခွင့်တွေကို ကန့်သတ် ပိတ်ပင်ထားပါတယ်။ ဘီလားရုစ်ဟာ ရုရှားရဲ့ အရင်းနှီးဆုံး စစ်မဟာမိတ် ဖြစ်သလို ကျူးကျော်စစ်ပွဲ အစောပိုင်းမှာလည်း နိုင်ငံ ပိုင်နက်ကို ဖြတ်ပြီး ရုရှားတပ်တွေ ယူကရိန်းကို တိုက်ခိုက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ရုရှားနဲ့ ဘီလားရုစ်က အားကစားသမား အားလုံးကို ၂၀၂၄ ခုနှစ်၊ ပါရီ အိုလံပစ်မှာ ယှဉ်ပြိုင်ခွင့် လုံးဝမပြုဘဲ တားမြစ်ပေးဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြပေမယ့် IOCကတော့ အဲဒီနှစ်နိုင်ငံရဲ့ အားကစားသမားတွေဟာ ကိုယ်စားပြု နိုင်ငံအလံ မထားရှိဘဲ ယှဉ်ပြိုင်မယ်ဆိုရင် ခွင့်ပြုဖို့ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အတိအကျ ဆုံးဖြတ်ထားတာ မဟုတ်ဘဲ ပြိုင်ပွဲ မစခင်ကျမှ တရားဝင် ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ IOCရဲ့ အမှုဆောင် ဘုတ်အဖွဲ့က ဆိုပါတယ်။

ပြီးတော့ အခုလို ခြွင်းချက်သတ်မှတ် စဉ်းစားနေတယ် ဆိုတာကလည်း တဦးချင်း အားကစားနည်းတွေ အတွက်သာဖြစ်ပြီး အသင်းလိုက် ယှဉ်ပြိုင်ရတဲ့ အားကစားနည်းတွေမှာတော့ ရုရှားနဲ့ ဘီလားရုစ်တို့ကို ဆက်လက် ပိတ်ပင်ထားမယ့် သဘောလို့ ဘုတ်အဖွဲ့က မှတ်ချက်ပေးပါတယ်။

ယူကရိန်းကတော့ ရုရှားနဲ့ ဘီလားရုစ် အားကစားသမားတွေသာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် ပါရီ အိုလံပစ်ကို သပိတ်မှောက်နိုင်တယ်လို့ အရိပ်အမြွက် သတိပေးထားပါတယ်။

IOCက လာမယ့်နှစ်မှာ ကျင်းပမယ့် ပါရီ အိုလံပစ်အပြင် ၂၀၂၆ ခုနှစ်၊ မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်အတွက်ပါ ရုရှားနဲ့ ဘီလားရုစ် အားကစားသမားတွေကို ပိတ်ပင်ဖို့ သင့်မသင့် ဆိုတာကို သီးခြား အချိန်ကာလ တခုမှာ ပြန်လည် သုံးသပ် ဆုံးဖြတ်သွားမယ်လို့ ပြောကြားထားပါတယ်။

Ref: BBC