တောင်ပိုင်းစစ်ဒေသက တက္ကသိုလ်ဝင်စာမေးပွဲမြင်ကွင်းများ

မတ်၊ ၂၈

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေတွေနဲ့ ဒေသခံပြည်သူတွေက ဝင်ရောက်ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြလုပ်ခဲ့တဲ့ အဲဒီတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပထမသုတ်အဖြစ် အောင်မြင်စွာ ကျင်းပြလုပ်ခဲ့ပြီး နောက်ထပ်ဖြေဆိုမဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေတွေလည်း စာရင်းထပ်မံပေးထားတယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုတဲ့ ကာလအတွင်း ဝင်ရောက်ဖြေဆိုတဲ့ ရဲဘော်၊ ရဲမေတွေနဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ ပြင်ဆင်ထားရှိပြီး နယ်မြေခံစစ်ကြောင်းက တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

NUG အစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေရဲ့ ပညာသင်ယူခွင့်ကို မဆုံးရှုံးစေဖို့နဲ့ လူငယ်တွေ ပညာသင်ယူလိုစိတ် မပျောက်ကွယ်စေဖို့ ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး နိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေက ရဲဘော်၊ ရဲမေ ၇၀၀ ကျော်ကို နှစ်သုတ်ခွဲပြီး ဖြေဆိုကြတယ်လို့ သိရပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃အတွင်းက တက္ကသိုလ်ဝင်စာမေးပွဲအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့  ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်က (၁၀)သိန်းကျပ် ထောက်ပံ့ကူညီခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စီစဉ်တဲ့ ကြားကာလပညာရေးအစီအစဉ်အရ ပထမအကြိမ်ကျင်းပတဲ့  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနိ်ုင်ငံလုံးက ကျောင်းသူ၊ ကျောင်းသားပေါင်းကိုးသောင်းဝန်းကျင်ဖြေဆိုဖို့စာရင်ပေးထားတယ်လို့သိရပါတယ်။

ဓာတ်ပုံ – တောင်ပိုင်းတိုင်း စစ်ဒေသ ၃