ထိုင်းအစိုးရပိုင် ရေနံလုပ်ငန်းကို နည်းလမ်းပေါင်းစုံသုံးပြီး ဆန့်ကျင်သွားမယ်လို့ ဆို

မတ်၊ ၂၈

စစ်ကောင်စီရဲ့လက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP ကို မြန်မာနဲ့ ထိုင်းလူမျိုးတွေ သပိတ်မှောက်ဆန့်ကျင်ကြဖို့ နည်းလမ်းပေါင်းစုံနဲ့ မကြာမိဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မတ်လ ၂၈ရက် အွန်လိုင်းက ပြုလုပ်တဲ့ အမေရိကန်အစိုးရနဲ့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီတို့ကို ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမဲ့ အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ပြောကြားခဲ့ပါတယ်။

“PTT ဟာ အကြမ်းဖက်စစ်တပ်ကိုနှစ်စဉ် စစ်အသုံးစရိတ်ရဲ့ ထက်ဝတ်နီးပါးကို ပေးနေတဲ့အတွက် ဆက်ပြီးတော့ ဖိအားပေး လုပ်ဆောင်သွားမယ်။ ဒီလို လုပ်ဆောင်ရာမှာ  ပြည်တွင်းမှာ ရှိတဲ့ PTT ရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ရုံသာမက ထိုင်းနိုင်ငံမှာပါ PTT ရဲ့ ထုတ်ကုန်‌တွေ၊ ဝန်ဆောင်မှုတွေကို သပိတ်မှောက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်”လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ဝင်တဦးဖြစ်သူ Saw L Mhu က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ PTT ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို သပိတ်မှောက်ဆန့်ကျင်ဖို့ ဆောင်ရွက်ရာမှာ ထိုင်းလူမျိုး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ နီးကပ်စွာ ထိထိရောက်ရောက် ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပြီး အစီအစဉ်ပေါင်းစုံလည်း ဆွဲထားတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

PTTEP ရေနံကုမ္ပဏီဟာ မြန်မာစစ်တပ်ကို ဝင်ငွေအများဆုံး ထောက်ပံ့ပေးရုံသာမ အကာအကွယ်တွေလည်း ကူညီပေးနေပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်နေတဲ့အတွက် ထိုင်းအစိုးရပိုင် PTTEP ရေနံကုမ္ပဏီဟာ နောင်တချိန်မှာ တာဝန်ခံရမယ်လို့ သူတို့အဖွဲ့က ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ထိုင်းရောက်မြန်မာအင်းအာစုတွေနဲ့လည်း ချိတ်ဆက်ပြီးတော့မှ မြန်မာလူမှုအဖွဲ့အစည်းတွေကြားမှာပဲ PTT ဆီဆိုင်တွေမှာ ဆီမဖြည့်ပေးဖို့ အသိပညာပေးမှုတွေ လုပ်ဖို့လည်း ရှိနေတယ်။  ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေကို လုံးခြုံရေး အခြေအနေရ နာမည်မဖော်ပြနိုင်တာ တောင်းပန်ပါတယ်။ ထိုင်းနိုင်ငံမှာ ရှိနေတဲ့မြန်မာအရေးကို တက်ကြွလှုပ်ရှားနေတဲ့ ထိုင်းနိုင်ငံသားအင်အားစုတွေလည်း အချိတ်အဆက်တွေ အများကြီး ရထားတာ ရှိတယ်။ မကြာခင်ကာလမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်” လို့  သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ဝင်တဦးဖြစ်သူ Saw L Mhu က ပြောပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ ပြည်တွင်းမှာ PTT ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကိုမသုံးကြဖို့၊ PTT အင်ဂျင်ဝိုင်နဲ့ အမေဇုန်ကော်ဖီဆိုင်တွေမှာ မထိုင်ကြဖို့ နဲ့ ထိုင်းရော မြန်မာတွေအနေနဲ့လည်း PTT ထုတ်ကုန်တွေနဲ့ ဆီဆိုင်တွေ မသုံးစွဲကြဖို့ ၊ ထိုင်းလူမျိုးတွေအနေနဲ့လည်း မြန်မာစစ်တပ်ကို ကူညီနေတဲ့ PTT ကိုအရေးယူဖို့ PTT ကို ဆန့်ကျင်သပိတ်မှောင်ကြဖို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က တောင်းဆိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေလုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူမှုတွေ မလုပ်သရွေ့ ပြည်တွင်းပြည်ပအင်အားစုတွေနဲ့လက်တွဲပြီး အမေရိကန်အစိုးရကို ဆက်လက်ဖိအားပေးသွားမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ EU က စစ်ကောင်စီရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အရေးယူပိတ်ဆို့ထားပေမယ့် အမေရိကန်အစိုးရကတော့ အရေးယူတာမရှိသေးလို့ထောက်ပြဝေဖန်မှု တွေလည်း ရှိပါတယ်။

စစ်တပ်ဟာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေလုပ်ငန်းကနေ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ဇန်နဝါရီလအထိ အမေရိကန်ဒေါ်လာ ၂ ဒဿမ၂၅ ဘီလီယံ ရရှိခဲ့ပြီး ထိုင်းအစိုးရပိုင် PTTEP ရေနံကုမ္ပဏီက ရတနာကမ်းလွန်စီမံကိန်း တခုတည်းကနေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံ ပေးခဲ့တယ်လို့ သွေးစွန်းငွေအဖွဲ့က ထောက်ပြပါတယ်။

စစ်ကောင်စီဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ အသုံးစရိတ်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကိုနှစ်စဉ်ရရှိနေတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်သစ်ရေနံလုုပ်ငန်းတိုတယ်နဲ့ အမေရိကန် ချက်ဗရွန်အပါအဝင် စွမ်းအင်လုပ်ငန်းကြီးတွေ မြန်မာနိုင်ငံကရင်းနှီးမြှပ်နှံမှုတွေ ဆက်မလုပ်တော့ပဲထွက်ခွာခဲ့တာတွေရှိပါတယ်။

မြန်မာ့အကြီးဆုံး ရတနာကမ်းလွန်ရေနံစီမံကိန်းရဲ့ သတင်းအချက်အလက်တွေနဲ့ ငွေပေးချေမှုကိစ္စတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ရက်ပေါင်း ၃၀ အတွင်း ပေးပို့ရန် စီမံကိန်း အော်ပရေတာ ထိုင်းရေနံကုမ္ပဏီ PTTEP ကို တောင်းဆိုထားပြီး မလိုက်လျောပါက စင်တာပူမှာ တရားစွဲဆိုသွားမယ်လို့ NUG က ဆိုပါတယ်။

ထိုင်းနိုင်ငံ PTTEPကိုစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာရပ်တန့်ဖို့ မြန်မာနိုင်ငံတွင်းက တောင်းဆိုမှုတွေလည်းရှိပါတယ်။

ဓာတ်ပုံ – CJ