နေပြည်တော်မှာ PDF နှစ်ဦး ရှော့တိုက်ဒုံးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်အုပ်စုထုတ်ပြန်

မတ်၊ ၂၈

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နေတဲ့ နေပြည်တော်မှာ ပြည်သူကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်နှစ်ဦးကို ရှော့တိုက်ဒုံးတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်အုပ်စုဖက်က ထုတ်ပြန်ထားပါတယ်။
 
နေပြည်တော်မှာ စစ်ခေါင်းဆောင် တက်ရောက်ဖို့ရှိတဲ့ တပ်မတော်နေ့အခမ်းအနားနဲ့ ပျော်ပွဲရွှင်ပွဲနေရာတွေကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ရန် ကြံစည်လုပ်ဆောင်နေတဲ့ နေပြည်တော် PDF အဖွဲ့ဝင် ၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ မတ် ၂၄ ရက်မှာ ဖမ်းဆီးရမိတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
 
ဒီလ မတ် ၂၄ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၊ အဝေရာဆည်အနီးရှိ သရက်ခြံအတွင်းမှာ နေပြည်တော် PDF အဖွဲ့ဝင်ဖြစ်တဲ့ စိန်လွင်(ခ) မောင်စိန်(ခ) ခရေ ကိုလည်းကောင်း၊ နေ့ခင်းပိုင်းမှာ ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ အဝင်လမ်းအရှေ့ဘက်ရှိ တောင်ယာတဲမှာ ဝင်းမျိုးထက်(ခ) ဝင်းနိုး(ခ) ဘီလား တို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
 
စစ်အုပ်စုက စွပ်စွဲထားသလို ပြည်သူကာကွယ်ရေးတပ်မတော် ( NPT- PDF ) ကအဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ အဲဒီအဖွဲ့ကလည်း ငြင်းဆိုပါတယ်။
 
စစ်အုပ်စုဖက်ကတော့ သတင်းပေးချက်အရ နေပြည်တော် ကောင်စီနယ်မြေအတွင်း ပြုလုပ်ဖို့ရှိတဲ့ တပ်မတော်နေ့ ပျော်ပွဲရွှင်ပွဲနေရာတွေ၊ စစ်ရေးပြကွင်း (ရှမ်းစု)နေရာတွေကို ၁၀၇ မမရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ရန်ကြံသူတွေကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် အဲဒီနှစ်ယောက်ရဲ့ ဖော်ထုတ်ချက်အရ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံးထိပ်ဖူး ၂ ခု၊ ဆားကစ်ပြား ၂ ခု၊ Remote ၁ ခု၊ ပစ္စတိုအပစ်လက်ကိုင် ၁ ခု၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ လက်ပစ်ဗုံးစနက်တံ ၄ ခု၊ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ လျှပ်စစ်ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ၅ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုး အိတ် ၁ လုံး၊ ပြောက်ကျားပုခက် ၄ ခု၊ သေနတ်လွယ်ကြိုး ၁ ချောင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
 
နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တဦးဖြစ်တဲ့ ဗိုလ်တေဇာကတော့ သူရဲ့လူမူကွန်ယက်မှတဆင့် ကျန်နေတဲ့သူတွေ လွတ်မြောက်နယ်မြေရောက်နေတဲ့အကြောင်းနဲ့ ဒီတပွဲမအောင်ရင် နောက်တပွဲ ဆက်ကြိုးစားမယ့်အကြောင်း ရေးသားထားပါတယ်။
 
နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၂ ရက်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို ဒုံးနှစ်စင်းနဲ့တိုက်ခိုက်ခဲ့သလို ဒီလ မတ်လ ၁၃ ရက်နေ့ ညပိုင်းကလည်း လယ်ဝေးမြို့နယ်၊ အောင်နန်းချိုရွာ အနီးက အမှတ် ၆၀၄ ခြေမြန်တပ်ရင်းကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) က လက်နက်ကြီးနဲ့ လေးလုံးပစ်ခတ်ခဲ့ပါသေးတယ်။
 
စစ်တောင်းပြောက်ကျားအဖွဲ့ (နေပြည်တော်)ကလည်း ၂၀၂၃ ခုနှစ်အတွင်း အရင်ကြံ့ခိုင်ရေးလက်ကထက်က အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ ဦးမြငြိမ်းအိမ်အပါအဝင် လေးကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့လို့ စစ်ကောင်စီဖက်က ရဲတပ်ဖွဲ့ဝင်အနည်းဆုံး လေးဦး သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ – Social Media