ထီးလင်းနဲ့ဂန့်ဂေါ မိုင်ငါးဆယ်ခရီးကို နှစ်ပတ်ကြာအထိမရောက်သေးတဲ့ စစ်ယာဉ်တန်းလက်ချက်နဲ့ ဒေသခံ ခုနစ်ဦးသေဆုံးခဲ့

မတ်၊ ၂၈

မကွေးတိုင်း ထီးလင်းမြို့ကနေမိုင်ငါးဆယ်အကွာမှာရှိတဲ့  ဂန့်ဂေါမြို့ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်  နှစ်ပတ်ကြာချိန်အထိ ဂန့်ဂေါမြို့ကို မရောက်နိုင်သေးဘဲ လမ်း မှာ သောင်တင်နေတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်တွေကပြောပါတယ်။

ထီးလင်းမြို့ကနေ မတ်လ ၁၅ ရက်ကစတင်ထွက်ခွာလာပြီး ဂန့်ဂေါမြို့ကိုဦးတည်လာတဲ့ ကားသုံးဆယ့်နှစ်စီးပါ စစ်ကောင်စီယာဥ်တန်းဟာ ပုံမှန်အားဖြင့် ကားနဲ့ တနာရီခွဲခရီးသာရှိတဲ့ အဲ့ဒီလမ်းကြောင်းမှာ တရွေ့ရွေ့ရှေ့ ဆက် နေရတာဖြစ်ပြီး ဒီကနေ့အထိဂန့်ဂေါမြို့ကိုမရောက်သေးဘူးလို့ ထီးလင်းအခြေစိုက် YRA တပ်ဖွဲ့ပြန်ကြားရေး တာဝန်ခံကိုကောင်းကပြောပါတယ်။

ထီးလင်းမြို့ကနေထွက်ခွာလာတဲ့စစ်ကောင်စီယာဥ်တန်းဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ကြောင့် ထီးလင်းနဲ့ မင်းရွာကြားမိုင်သုံးဆယ်ခရီးကို မတ်လ ၁၅ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ ဆယ်ရက် ကြာဖြတ်သန်းခဲ့ရတယ်လို့ဆိုပါတယ်။

“အဓိကကတော့မိုင်းကြောက်တာ၊ရှေ့ ပြေးကင်း၊မိုင်းရှာစက်တွေနဲ့မိုင်းတွေရှာတာမှာ သူတို့အင်ဂျင်ယာတပ်ဖွဲ့ဝင် တွေမိုင်းထိပြီးသေကြတာများတယ်” လို့ YRA စစ်ဦးစီးသခင်ဇော်ကလည်းပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေကထီးလင်းနဲ့မင်းရွာကြားမှာစစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုသုံးကြိမ်၊ လက်နက်ကြီးငယ်နဲ့ ပစ်ခတ် တိုက်ခိုက်မူသုံးကြိမ်ပြုလုပ်ခဲ့ကြတယ်လို့ YRA ပြန်ကြားရေးတာဝန်ခံကိုကောင်း ကဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ YRAဘက်က တပ်ခွဲမှူးတဦးကျဆုံးပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိခဲ့သလို စစ်ယာဉ် တန်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်က ထီးလင်း ဒေသခံပြည်သူခုနှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။

သေဆုံးသူခုနစ်ဦးမှာ ရွှေခုံတိုင်ကျေးရွာ၊ ထိုင်တိုင်းကျေး ရွာ၊ဆေးမင်းတောကျေးရွာတွေကဖြစ်ပြီး မျက်မမြင် အဘွားအိုအပါအဝင်သက်ကြီးရွယ်အိုနှစ်ဦး၊ စိတ်ကျန်းမာ ရေးမကောင်းသူနှစ်ဦး၊ သက်လတ်ပိုင်းအမျိုးသား အရွယ်နှစ်ဦးနဲ့ ဆယ်ကျော်သက်တဦးတို့ပါဝင်တယ်လို့ သိရပါတယ်။

“ခြောက်ဦးကိုတော့စစ်ကောင်စီစစ်ကြောင်းကသတ်သွားတာ၊ဆယ်တန်းကျောင်းသားလေးရဲ့ရုပ်အလောင်းက သူတို့သွားတဲ့လမ်းနဲ့ခြောက်မိုင်လောက်အကွာမှာတွေ့ရတာ၊ သူ့ကိုစစ်ကောင်စီကသတ်တာလား၊ ဘယ်သူ သတ်တာလဲဆိုတာစီစစ်နေတုန်း” လို့သခင်ဇော်ကပြောပါတယ်။

ထီးလင်းမြို့ကနေထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ်လ ၂၄ ရက်နေ့မှာ မင်းရွာရဲစခန်းကို ရောက်ရှိခဲ့ပြီး သုံးညအိပ်ရပ်နားခဲ့ကာ မတ်လ ၂၇ ရက်မှာ မင်းရွာရဲစခန်းကနေဂန့်ဂေါမြို့ဘက်ကို ဆက် လက်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။

” ခုချိန်ထိသူတို့ပန်းထိပ်နားမှာရှိသေးတယ်၊ဘေးနားကရွာတွေကရှောင်နေကြရတယ်၊မင်းရွာမှာ စစ်ကြောင်း ရှိနေတာရော၊ ဂန့်ဂေါဘက်ကနေ မင်းရွာကိုလာကြိုတဲ့စစ်ကြောင်းရောရှိနေတာကိုး၊ ပန်းထိပ်တို့၊ခေါက်ခူတို့ဆို စစ်ကြောင်းမင်းရွာရောက်ကတည်းကရှောင်တာဆို တပတ်နီးပါးရှိပြီ ” လို့ ဒေသခံတဦးကပြောပါတယ်။

ထီးလင်းကနေထွက်လာတဲ့စစ်ကောင်စီယာဥ်တန်းကိုကြိုဖို့ အင်အားတရာဝန်းကျင်ရှိတဲ့စစ်ကောင်စီစစ်ကြောင်း တခုဟာ မတ်လ ၁၉ ရက်ကတည်းက ဂန့်ဂါမြိုကနေ မင်းရွာဘက်ကိုထွက်ခွာသွားခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ့စစ်ကြောင်းဟာ ဂန့်ဂေါအနောက်ပိုင်းက ရှုံရှီကျေးရွာသားတဦးကိုပစ်သတ်သွားခဲ့ တယ်လို့ဒေသခံတွေဆီ က သိရပါတယ်။

ထီးလင်းကလာတဲ့ စစ်ယာဥ်တန်းကိုကြိုဖို့သွားတဲ့ဂန့်ဂေါမြို့ပေါ်ကစစ်ကြောင်းဟာ မိုင်းရှင်းလင်းရေးအတွက် လမ်း ဘေးသစ်တောတွေကိုပါမီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

ဓာတ်ပုံ – Google

ပုံစာ – မကွေးတိုင်းအတွင်းတွေ့ရတဲ့ စစ်ယာဥ်တန်းတခု