အင်းတော်မှာဖမ်းဆီးခံထားရတဲ့အလယ်တန်းပြဆရာမအပါအဝင်၊ဒေသခံ ငါးဦး ကိုအကြမ်းဖက်ပုဒ်မနဲ့တရားစွဲ

မတ်၊ ၂၈

စစ်ကိုင်းတိုင်း၊အင်းတော် မြို့ပေါ်မှာပြီးခဲ့တဲ့ မတ်လ၃ရက်နေ့ထဲက PDFနဲ့အဆက်စပ်ရှိနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့CDM ကျောင်းဆရာမသုံးဦးအပါအဝင် ဒေသခံ၁၅ဦးကိုစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက်ဆရာမတဦးအပါအဝင်ဒေသခံငါးဦးကိုအကြမ်းဖက်ပုဒ်မတွေနဲ့အင်းတော်စစ်ခုံရုံးကတရားစွဲဆိုပြီးကသာထောင်ကိုပို့ဆောင် လိုက်တယ်လို့သိရပါတယ်။ အဲ့ဒီ့လိုဖမ်းဆီးတရားစွဲဆိုခံရသူတွေထဲမှာ အင်းတော်မြို့နယ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ပြီး ကျန်သုံးဦးကတော့ ကျော်ရွာအလယ်တန်းပြဆရာမ ဒေါ်သိန်း ၊ မြို့မစျေးတိုက်တန်းလျားမှာနေထိုင်တဲ့ ကုန်သည်တွေဖြစ်ကြတဲ့ မခင်ပြည့်ပြည့်ထွန်း၊ဒေါ်အေးတို့ဖြစ်ကြတယ်လို့သိရပါတယ်။

“ပကဖရဲဘော်နှစ်ဦးအဖမ်းခံရတာကနေအလှူရှင်စာရင်းပေါက်သွားပြီးအဖမ်းခံရတာ။လက်ရှိမှာ စစ်တပ်ကုန်းမှာ ဖမ်းထားခဲ့တယ်။သူတို့က pdfကိုထောက်ပံ့တယ်ဆိုပြီး အဓိက အင်းတော်ဈေးတိုက်တန်းမှာ ဈေးရောင်းတဲ့သူတွေကိုဖမ်းတာပေါ့။ အဲ့တုန်းကခုအကြမ်းဖက်ပုဒ်မနဲ့တရားစွဲခံရတဲ့ CDM ဆရာမရယ်နောက်ထပ်ဆရာမနှစ်ဦးလဲပါသွားတယ်။ကျန်တဲ့သူတွေကတော့ခံဝန်တွေနဲ့လွတ်လာပါပြီ”လို့အင်းတော်ဒေသခံတဦးက DNA ကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲက CDM ကျောင်းဆရာဒေါ်သိန်းလှ ၃၉ နှစ် ၊ဒေါ်အေး၄၄ နှစ်၊ ရဲရင့်အောင် ၂၂၊ပြည့်ဖြိုးအောင်၂၄နှစ်၊အသက်သုံးဆယ်ကျော်အရွယ် မခင်ပြည့်ပြည့်ထွန်းတို့ကို အင်းတော် စစ်ကောင်စီရိက္ခာကုန်း က စစ်ခုံရုံးကနေ အကြမ်းဖက်ဥပဒေပုဒ်မ (၅၀-ည)နဲ့တရားစွဲဆိုအမိန့်ချပြီးလွန်ခဲ့တဲ့ရက်ပိုင်းကပဲကသာထောင်ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ “တွေ့ခွင့်တော့ရပြီ။ဖမ်းစီးစစ်ဆေးတုန်းကတော့သူတို့ရိုက်ခံရတာတွေရှိတယ်။ခုဟာကသူတို့ကအဲ့ပုဒ်မနဲ့စွဲပြီးကသာကိုလွှဲလိုက်တဲ့သဘော။

အဲ့ကခရိုင်တရားရုံးမှာရုံးထုတ်ပြီးဘယ်နှနှစ်ဆိုတာချမှပေါ့။ကျန်းမာရေးကတော့ခုလက်ရှိမှာတော့ကောင်းနေတယ်။”လို့ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတဦးကDNAကိုထပ်ပြောပါတယ်။ မတ်လ ၃ ရက်နေ့မနက်အစောပိုင်းမှာပဲစစ်ကောင်စီတပ်တွေစီးနင်းလိုက်ပါလာတဲ့ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဲ့ဒီ့နေ့မှာပဲစစ်ကောင်စီတပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကိုဖမ်းးခဲ့ပါတယ်။

အဲ့ဒီနောက်အင်းတော်မြို့မစျေးရှိတိုက်တန်းလျားကိုဝင်ရောက်စီးနင်းပြီးဒေသခံ ၁၅ ဦးကိုဖမ်းဆီးခဲ့သလို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကလဲ မာန်ဟဲရွာကိုဝင်ရောက်စီးနင်းပြီး ဒေသခံ ၅ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ဆရာ၊ဆရာမပေါင်း၄၃၀ ဝဝဝကျော်ရှိပြီးစစ်အာဏာသိမ်းပြီးနောက်လုပ်ငန်းခွင်တွေကိုစွန့်ခွါခဲ့တဲ့ ဆရာ၊ဆရာမပေါင်း၁၂၅ဝဝဝခန့်ရှိတယ်လို့ရိုက်တာသတင်းတရပ်မှာဖော်ပြထားပါတယ်။ ဆရာ၊ဆရာမ ၂၂၅ ဦးကိုစစ်ကောင်စီက ဖမ်းဆီးထားပြီး ပုဒ်မ ၅၀၅-က အပါအဝင်အကြမ်းဖက်ဥပဒေပုဒ်မ ၅၀-ည တွေနဲ့ပါတရားစွဲဆို ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ၂၀၂၂ ခုနှစ် ၊စက်တင်ဘာလမှာထုတ်ပြန်ထားတဲ့စာရင်းများအရသိရပါတယ်။