စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ်စခန်းကို KNLA သိမ်းပိုက်

မတ်၊ ၂၈

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)နယ်မြေ၊ မုဒြာ(ဖာပွန်)ခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ် စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့မှ မတ် ၂၈ ရက် နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့ ဒီမနက်ကပဲ၊ KNLA က ဦးဆောင်တယ်ပေါ့နော်။FFD အဖွဲ့ကနေပြီးတော့ ဒရုန်းအင်အားအမြောက်အများနဲ့ ဒီ FFD က ခေါင်းဆောင်တွေကိုယ်တိုင် ကြီးကြပ်ပြီး တိုက်ခိုက်မှုကို စတင်ခဲ့တယ်ပေါ့နော်။ ၄၅ မိနစ်လောက်မှာ ကျွန်တော်တို့ စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ပေါ့နော်၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်။” ဟု ၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်အင်အား ၅၀ ခန့်ရှိတဲ့ အဲဒီတပ်စခန်းကို Force for Federal Democracy (FFD) Drone တပ်ဖွဲ့၊ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ဒီကနေ့ နံနက် ၅ နာရီခန့်မှာ စတင်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်များနဲ့ ပြန်လှန်ပစ်ခတ်ခဲ့ရာ တိုက်ပွဲက ၁ နာရီကျော်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီရဲ့ မယ်ခါးထော့စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ FFD အဖွဲ့မှ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါးရှိပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထွက်ပြေးသွားသူများရှိသလို အကျအဆုံးလည်း များနိုင်ပေမယ့် အတိအကျကို အတည်ပြုပေးဖို့ အခက်အခဲရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါအပြင် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မယ်ခါးထော့တပ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးမှာ တည်ရှိပြီး ဒေသခံတွေလည်း တိုက်ပွဲစတင်ဖြစ်ပွားချိန်မှာ အဲဒီအနီးအနားကျေးရွာများမှ ဒေသခံတွေ ရာနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ ဒီဘက်မှာက ကျေးရွာဆိုတာထက် ကျေးရွာတွေလည်း နေကြတယ်။ အိမ်အစု၊ အိမ်အစုနဲ့ နေကြတာများတယ်။ စိုက်ပျိုးရေးအကွက်လိုက် နေကြတာလည်း ရှိတယ်။ထွက်ပြေးသွားတဲ့ လူဦးရေအတိအကျတော့ ကျွန်တော်တို့ ပြောဖို့ခက်ခဲတယ်ပေါ့။ ဒါပေမယ့် အဲနားပတ်ဝန်းကျင် မှာ နေထိုင်ကြတဲ့ တော်တော်များပါတယ်။ ပြည်သူတွေကတော့ ရာနဲ့ချီရှိတယ်လို့ ပြောလို့ရပါတယ်။” ဟု ၎င်းက ပြောပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်ပစ်ခတ်မှု ငြိမ်းသက်နေပေမယ့် စစ်ကောင်စီဘက်က လေကြောင်းအပါအဝင် စစ်ကြောင်းထိုးဝင်ရောက် တိုက်ခိုက် လာနိုင်တဲ့ အခြေအနေမှာ ရှိနေသေးတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေဖက် စစ်ရေးအသင့်အနေထားမှာ ရှိနေကြတယ်လို့ Force for Federal Democracy (FFD)မှ ပြောပါတယ်။

မယ်ခါးထာ့တပ်စခန်းဟာ ထိုင်း- မြန်မာနယ်စပ်သံလွင်မြစ်ကမ်းဘေးမှာတည်ရှိပြီးစစ်ကောင်စီတပ်တွေအတွက်လက်နက်ရိက္ခာထောက်ပံ့ရေးနဲ့ စစ်ရေးအရအရေးပါတဲ့ တပ်စခန်းဖြစ်တယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီလကလည်း KNLA တပ်တွေက မယ်ခါ့ထာ့တပ်စခန်းအနီးက သော်လဲထာ့တပ်စခန်းကို သိမ်းပိုက်စဉ်က စစ်ကောင်စီတပ်တွေဟာ မယ်ခါးထာ့တပ်စခန်းကိုထွက်ပြေးတိမ်းရှောင်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ ရက်နေ့ကစတင်ပြီး ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့တွေက မြို့မရဲစခန်းတွေ၊ ကုန်သွယ်ရေးဇုန်တွေ၊ စစ်ကောင်စီတပ်ရင်းနဲ့ စစ်ဆေးရေးဂိတ်စခန်းတွေကို ကရင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အခြေအနေတွေလည်း ရှိနေပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံ၊ ရဲ၊ စစ်သား၊ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေအပါအဝင် ဝန်ထမ်းတချို့ကလည်း ထိခိုက်သေဆုံးခဲ့တဲ့အပြင် အရှင်ဖမ်းဆီးခံရတာတွေရှိနေတာကြောင့် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းပြီး လေကြောင်းပစ်ကူနဲ့ပါ အသုံးပြုတိုက်ခိုက်နေရတဲ့အထိ စစ်ရေးပြင်းထန်နေတာဖြစ်ပါတယ်။