စစ်ကောင်စီအတွက် လေယာဉ်ဆီနဲ့ လက်နက်တင်သွင်းပေးနေသူတွေကိုဗြိတိန်ကပိတ်ဆို့ဒဏ်ခတ်

မတ်၊​ ၂၇

အာဏာသိမ်းစစ်တပ်အတွက် လေယာဉ်ဆီနဲ့ လက်နက်တင်သွင်းနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူ လိုက်တယ်လို့ ဗြိတိန်နိုင်ငံက ဒီကနေ့ ကြေညာပါတယ်။

အဲ့ဒီအရေးယူမှုစာရင်းမှာ ထိုင်းနိုင်ငံံမှာ ဖမ်းဆီးခံထားရတဲ့ လက်နက်ပွဲစားထွန်းမင်းလတ်၊ Shoon Energy Pte Ltd နဲ့ အဲ့ဒီကုမ္ပဏီရဲ့ လက်ရှိဒါရိုက်တာနဲ့ ရှယ်ယာရှင်တဦးဖြစ်တဲ့ ခင်ဖြူဝင်းတို့ပါဝင်ပါတယ်။

Shoon Energy Pte Ltdကုမ္ပဏီဟာ မြန်မာလေတပ်အတွက် လေယာဉ်ဆီထောက်ပံ့ပေးကာ အကျိုးအမြတ်ရရှိ နေတာကြောင့် အခုလိုပိတ်ဆို့အရေးယူတာလို့ ဗြိတိန်အစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထွန်းမင်းလတ်ကိုတော့ ကန့်သတ်ကုန်ပစ္စည်းတွေ ဒါမှမဟုတ်နည်းပညာတွေ စစ်တပ်ကိုထောက်ပံ့ ပေးနေတဲ့ Star Sapphire Trading ကုမ္ပဏီ လီမိတက်၏ ဒါရိုက်တာဖြစ်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့တာလို့ ဆိုပါတယ်။

ထွန်းမင်းလတ်ရဲ့ Star Sapphire Trading ကုမ္ပဏီ လီမိတက်ကိုတော့ ဗြိတိန်အစိုးရက အရင်ကတည်းကတော့ ပိတ်ဆို့အရေးယူထားတာပါ။

အခုပိတ်ဆို့အရေးယူ မှုတွေဟာ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ချမှတ်တာလို့ ဗြိတိန်အစိုးရ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 ဒါ့အပြင် ဒီပိတ်ဆို့ မှုတွေဟာ မြန်မာစစ်တပ်ရဲ့ လောင်စာနဲ့ စစ်ရေးဆိုင်ရာပစ္စည်းတွေရနိုင်ခွင့်ကို ကန့်သတ်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

“ယူကေနိုင်ငံက မြန်မာပြည်သူလူထုကို ဆန့်ကျင်တဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လှုပ်ရှားမှုတွေကို ပြစ် တင်ရှုတ်ချပါတယ်”လို့ ဒီကနေ့ပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan က ပြောပါတယ်။