ဘုတလင်-စိုင်ပြင်လမ်းတလျောက်ရှိကျေးရွာတွေကဒေသခံ ၄၀ နီးပါးကိုစစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ်ဖမ်းခေါ်

မတ်၊ ၂၇

စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းစစ်ဌာနချုပ်က ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၁၁ က အင်အား ရာဂဏန်းရှိတဲ့စစ်ကြောင်းဟာ မတ်လ ၂၅ ရက်နေ့ကနေ အခုချိန် မနေ့ကညနေ စိုင်ပြင် မြို့ထဲကို ရောက်ရှိတဲ့အချိန်အထိ စစ်ကြောင်းတောက်လျောက်ကျေးရွာတွေက ဒေသခံ ၄၀ နီးပါးကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

မနေ့ကညနေပိုင်းက အဲ့ဒီစစ်ကြောင်းဟာ စိုင်ပြင်မြို့ထဲကို ဖမ်းဆီးလာတဲ့ အရပ်သားတွေကိုရှေ့ထားပြီး ဝင်ရောက်လာတဲ့အပြင် တောက်လျောက်ဆိုသလို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတဦးနဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲဖို့ပြင်ဆင်နေတဲ့ စိုင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးတို့ သေဆုံးခဲ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ခုဖမ်းဆီးခံလာရတဲ့သူတွေကို ခြံတခြံထဲမှာ စုထားထားတယ်။ လာတော့လဲ သူတို့ကို ကာပြီးတက်လာတာ။ မိုင်းဆွဲဖို့ပြင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ပစ်ခံရလို့ သေတာကတော့ အတည်ပြုလို့ရတယ်။ စိုင်ပြင်ဈေးနားမှာ ပြည်သူတယောက်လည်း ထိတယ်။ ခုတော့မြို့ပေါ်မှာ ကင်းပုန်းတွေလည်းအများကြီးနဲ့ လှည့်ပါတ်စစ်ဆေးနေတယ်။ ဒီမနက်ပိုင်းကပဲ ကားတစီးကို ဖမ်းထားတာတွေ့တယ်” လို့ စိုင်ပြင်ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သားတွေဟာ ဘုတလင်မြို့နယ်နဲ့ စိုင်ပြင်ကြားမှာရှိတဲ့ မြောက်ကျည်ရွာ၊ ကျွဲတဲ၊ ဆိတ်သာခြံ၊ ကြို့ကုန်း၊ ပီသျှူးအစရှိတဲ့  ကျေးရွာတွေက ပြည်သူတွေအပြင် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်နဲ့  ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိမှာတော့ မနေ့က အဝင်တုန်းကပဲ စိုင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲနည်းနည်းဖြစ်လိုက်တယ်။ အဲ့ဒီမှာ မိုင်းထွက်ဆင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျတာ ကျနော်တို့ အတည်ပြုလို့ရတယ်။ ပြည်သူကိုတော့ အတည်ပြုလို့မရသေးဘူး။ ခုအထဲမှာ အရင်ထဲက အထဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပေါင်းမိသွားပြီ။ မြို့ကိုပိတ်ဆို့ထားတာပေါ့။ ခုဖမ်းလာတဲ့ ပြည်သူတွေကို ကာပြီး တောက်လျောက်တက်လာတာ။ ဘတ်ဖိုးနှစ်စီးလည်းပါတယ်။ စိုင်းပြင်ထဲက ပြည်သူတွေကတော့ ရှိသေးတယ်။ နည်းနည်းပါးပါးလောက်ပဲ နီးစပ်ရာရွာတွေကို ပြေးကြတာ” လို့ ကောင်းကင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကောင်းကင်က DNA ကိုပြောပါတယ်။

လက်ရှိစိုင်ပြင်မြို့ထဲဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ရက်က ဆုံကုန်းရွာကို မီးတင်ရှို့ခဲ့သလို ဒေသခံသက်ကြီးရွယ်အိုခုနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။

အဲဒီစစ်ကြောင်းဟာ စိုင်ပြင်ကနေ၊ ရေဦး၊ ဒီပဲယင်းနယ်တွေအထိ ဆက်လက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

စိုင်ပြင်မြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ မြို့မစျေးအပါအဝင် ၊ လူနေအိမ်ခြေတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးတင်ရှို့ခဲ့တာတွေ ပြုလုပ်ခဲ့သလို မြို့ပေါ်က CDM ဝန်ထမ်းတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာ၊ ဖျက်ဆီးတာတွေလည်း အကြိမ်ကြိမ်ခံခဲ့ရတယ်လို့လည်း ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ဓာတ်ပုံ – Social Media