ပျံသန်းနေတဲ့ ခရီးသည် လေယာဉ်နှစ်စီး တိုက်မိလုနီးပါး ဖြစ်ခဲ့တဲ့အပေါ် နီပေါမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်

မတ်၊ ၂၇

နီပေါနိုင်ငံ ကောင်းကင်ယံမှာ အိန္ဒိယနဲ့ နီပေါ လေကြောင်းလိုင်းတွေက ခရီးသည်တင် လေယာဉ်နှစ်စီး တိုက်မိလုနီးပါး အခြေအနေမျိုး ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နီပေါ အရပ်ဖက် လေကြောင်း ထိန်းသိမ်းရေးဌာန (CAAN)က မတ်လ ၂၄ ရက် ဖြစ်စဉ်အပြီး လေကြောင်းထိန်းသိမ်းရေး မျှော်စင် ထိန်းချုပ်ရေးဌာန ဝန်ထမ်း ၃ ဦးကို ဆိုးဆိုးရွားရွား ပေါ့ဆမှုအတွက် တာဝန်ကနေ ဆိုင်းငံ့ထားလိုက်တယ်လို့လည်း CAANက မတ် ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေ့ မနက်က နီပေါ လေကြောင်းလိုင်းပိုင် Airbus A-320 အမျိုးအစား ခရီးသည်တင် လေယာဉ်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကနေ နီပေါရဲ့ ခတ္တမန္ဒူ မြို့တော်ဆီ ဦးတည် ပျံသန်းခဲ့ပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယရဲ့ နယူးဒေလီ မြို့တော်ကနေ ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ်ကလည်း လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ကို ဆက်သွယ်ခဲ့တဲ့နောက် အမြင့်ပေ ၁၉၀၀၀ ကနေ ၁၅၀၀၀ ကို ဆင်းသက်ပြီး ပျံသန်းခဲ့ကြောင်း CAANရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျာဂန်နက်သ် နီရူလာက ဆိုပါတယ်။ အဲဒီအခါ အိန္ဒိယ လေယာဉ်ဟာ နီပေါလေယာဉ်နဲ့ တပြေးတည်း ဖြစ်သွားပြီး လေယာဉ်နှစ်စီး တိုက်မိလုနီးပါး အခြေအနေမျိုးဆီ ရောက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။ 

ရေဒါမှာ လေယာဉ်နှစ်စီး အချင်းချင်း ဦးတည်နေတာ တွေ့ရတော့မှ အိန္ဒိယ လေယာဉ်က အမြင့်ကို ပျံတက်ပြီး နီပေါလေယာဉ်က ပေ ၇၀၀၀ လောက်ထိ စိုက်ဆင်း ပျံသန်းရင်း ဆိုးဆိုးရွားရွား မတော်တဆမှုကြီးကို ရှောင်လွှဲနိုင်ခဲ့ကြပါတယ်။ လေယာဉ် နှစ်စီးစလုံးမှာ လူ ၂၀၀ ဝန်းကျင်လောက်စီ တင်ဆောင်လာခဲ့ကြပါတယ်။

ဒီလို ဖြစ်စဉ်မျိုးဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိကြောင်း နီရူလာက ဝေဖန်ခဲ့ပြီး အခင်းဖြစ်ချိန်က လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကို ကွပ်ကဲနေတဲ့ ဝန်ထမ်းတွေကို အရေးယူ စုံစမ်းသွားမယ်လို့ ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် အတောအတွင်း အိန္ဒိယ လေကြောင်းလိုင်းကလည်း အမြင့်ပေ ပြောင်းလဲ ပျံသန်းခဲ့တဲ့ လေယာဉ်မှူး နှစ်ဦးကို ပျံသန်းခွင့် ယာယီ ဆိုင်းငံ့ထားမယ်လို့ ပြောကြားသွားပါတယ်။ 

လောလောဆယ်တော့ CAANဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းမြင်သာတဲ့ စုံစမ်းမှုတွေ ပြုလုပ်ဖို့ အထူး ကော်မတီ တရပ်ကို သီးသန့်ဖွဲ့စည်းဖို့ စတင် ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

Ref: NDTV