တော့တင်ဟမ် အသင်းမန်နေဂျာ ကွန်တီ ရာထူးက ထုတ်ပယ်ခံရ

မတ်၊ ၂၇

အင်္ဂလန် ဘောလုံးကလပ် တော့တင်ဟမ် ဟော့စပါးဟာ အသင်းမန်နေဂျာ အန်တိုနီယို ကွန်တီကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း အတည်ပြု ကြေညာသွားခဲ့ပါတယ်။

လန်ဒန် အခြေစိုက် ဘောလုံးကလပ်ကို တာဝန်ယူ ကြီးကြပ်ခဲ့တာ ၁၆ လ ကြာမြင့်ခဲ့တဲ့နောက် ကွန်တီနဲ့ အသင်းကြား ဆက်ဆံရေး သိသိသာသာ ပြိုကွဲလာခြင်းနဲ့အတူ အခုလို အကွဲအပြဲ အခြေအနေတွေ ဖြစ်ပေါ်လာခဲ့တာပါ။ အီတလီသား မန်နေဂျာ ကွန်တီက တော့တင်ဟမ် ကစားသမားတွေကို တကိုယ်ကောင်း ဆန်တဲ့လို့ လူသိရှင်ကြား ဝေဖန်ခဲ့သလို ကစားသမားတွေကလည်း သူ့ရဲ့ နည်းစနစ်ပိုင်းနဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကို မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

အခုဘောလုံးရာသီမှာ တော့တင်ဟမ်ဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာက ရပ်တည်နေပေမယ့် ကျန်တဲ့ ပြိုင်ပွဲ အားလုံးက ထွက်ခွာခဲ့ရပြီး ဖလားလက်မဲ့ ဘဝနဲ့ ရာသီပြီးဆုံးဖို့ သေချာနေပါပြီ။

တော့တင်ဟမ်က ကွန်တီရဲ့ လက်ထောက်ဖြစ်သူ ခရစ္စတီယန် စတယ်လီနီကို ရာသီကုန်ထိ ယာယီ မန်နေဂျာရာထူး ခန့်အပ်ထားလိုက်ပြီး ကွင်းလယ် ကစားသမားဟောင်း ရိုင်ယန် မေဆန်က သူ့လက်ထောက် အနေနဲ့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားဖို့ ကျန်နေသေးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နေရာအတွက် ရာသီကုန်ထိ ဆက်လက် တိုက်ပွဲဝင်နေဦးမှာ ဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ ဒန်နီလီဗိုင်းက ပြောပါတယ်။ လောလောဆယ် ခက်ခဲနေတဲ့ ကာလမှာ အသင်းဟာ ပြန်စုစည်းပြီး ရာသီကုန်မှာ အမှတ်ပေးဇယား အဆင့်မြင့်နိုင်သမျှ မြင့်မြင့် ရပ်တည်ဖို့ အားလုံး ဝိုင်းဝန်း ကြိုးစားရမှာ ဖြစ်ကြောင်းလည်း လီဗိုင်းက ဆိုပါတယ်။

ဗြိတိန် မီဒီယာတွေကတော့ အခြေအနေ အရပ်ရပ်ကြောင့် လီဗိုင်းဟာ ကွန်တီကို ထုတ်ပယ်ဖို့ကလွဲရင် တခြား ရွေးချယ်စရာ မရှိခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။ တော့တင်ဟမ် အတွက်တော့ ၂၀၁၉ ခုနှစ်မှာ​ မော်ရစ်စီယို ပိုချက်တီနို ဖယ်ရှားခဲ့တဲ့နောက်ပိုင်း ၄ နှစ်အတွင်း မန်နေဂျာ အပြောင်းအလဲ ၄ ကြိမ်ထိ ကြုံလာရတာလည်း ဖြစ်ပါတယ်။

Ref: Guardian