နေပြည်တော်မှာ တပ်မတော်နေ့လုပ်နေချိန် တော်လှန်ရေးအင်အားစုက လူငယ်တွေ စစ်ခေါင်းဆောင်ကို ကျိန်စာတိုက်

မတ်၊ ၂၇

ဒီကနေ့ မတ်လ ၂၇ ရက်မှာ စစ်အုပ်စုအခြေစိုက်ရာနေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်ပြီး တပ်မတော်နေ့အခမ်းအနားပြုလုပ်နေချိန်မှာ ရန်ကုန်တော်လှန်ရေးအင်အားစုမှ လူငယ်တွေက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ကျိန်စာတိုက်တဲ့လှုပ်ရှားမှုတခုပြုလုပ်ခဲ့ကြတာကို ဓါတ်ပုံတွေနဲ့တကွထုတ်ပြန်ထားကြပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဦးခေါင်းပုံသာပါတဲ့ ဓါတ်ပုံကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတဲ့ ပြည်သူတွေကို မြေမြှုပ်ထားတဲ့ မြေမှုန်တွေနဲ့ ကိုးရက် ၊ ကိုးညတိုင်တိုင် အဓိဌာန်ပြု စီရင်ထားတဲ့ အစီအရင်တွေနဲ့ ကျိန်စာတိုက်တဲ့ လှုပ်ရှားမှုကိုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ရန်ကုန်ကတော်လှန်ရေးအင်အားစု YRF ကထုတ်ပြန်ထားပါတယ်။

ဒီအစီအရင်တွေဟာ ဒီကနေ့ နေပြည်တော်မှာ စစ်ကောင်စီတပ်သားတွေပြုလုပ်နေတဲ့ စစ်တပ်ခေါ်ဝေါ်တဲ့ တပ်မတော်နေ့အခမ်းအနားမှာ စစ်အုပ်စုရဲ့ နေဝင်ချိန်ကို ရည်ရွယ်ပြုလုပ်ထားတာဖြစ်တယ်လို့ထုတ်ပြန်ထားပြီး တခြားသော ကျိန်စာတိုက်တဲ့ အစီအရင်တွေကိုလည်း ပြုလုပ်ထားကြတာတွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို နေ့စဉ်နဲ့အမျှခံစားနေရတဲ့ ပြည်သူတွေကလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နည်းလမ်းမျိုးစုံနဲ့တိုက်ပွဲဝင်နေကြပြီး စစ်အုပ်စုကျဆုံးချိန်ကို စောင့်ကြည့်နေကြတယ်လို့လည်း ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေကဆိုပါတယ်။

ဓာတ်ပုံ – Yangon Revolution Force – YRF