စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အယူခံအမှုတွေအတွက် ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့်မပေး

မတ် ၊ ၂၆ 

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီအဖွဲ့က သူမကို အမိန့်ချမှတ်ထားတဲ့ အမှုတွေအတွက် အယူခံတင်မယ် ကိစ္စတွေနဲ့ ပက်သက်ပြီး ရှေ့နေအဖွဲ့ကို တွေ့ခွင့်မပေးသေးဘူးလို့ တရားရေးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ နေပြည်တော်ရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမအပေါ်စွပ်စွဲထားတဲ့ အမှုတွေအနက် နောက်ဆုံးအမှုတွေဖြစ်တဲ့ အဂတိအမှု ၅ မှုနဲ့ ပက်သက်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့က အပြီးသတ်အမိန့်တွေကို ထောင်ဒဏ်အဖြစ်ချမှတ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း အမိန့်တွေကို အဆင့်မြင့်တရားရုံးတွေမှာ အယူခံတက်ဖို့ အတွက် ရှေ့နေအဖွဲ့က ကိုယ်စားလှယ်လွှဲစာတွေယူရန် သူမနဲ့ တွေ့ဆုံခွင့်တောင်းနေပေမယ့် အခုထိခွင့်ပြုပေးခြင်းမရှိသေးတာပါ။

” သိရသလောက်တော့ နောက်ဆုံးအမှုတွေ အမိန့်ချပြီးနောက်ပိုင်း တွေ့ခွင့်မရတော့တာပါ။ တွေ့ခွင့်တောင်းတယ်လေ ဒါပေမယ့် မရသေးတာပေါ့။ ဘာကြောင့်တွေ့ခွင့်မပေးတာတော့ မသိဘူး ” လို့ တရားရေးနဲ့ နီးစပ်သူ တဦးကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကနေပြည်တော်အချုပ်ထောင်တာဝန်ရှိသူတွေကိုသုံးကြိမ်စာနဲ့ရေးသားတင်ပြခဲ့ပေမယ့်ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။

စစ်ကောင်စီက သူမကို စွပ်စွဲတရားစွဲခဲ့တဲ့ အမှုတွေအနက် ပထမဆုံးအမိန့်ချမှတ်ခဲ့တဲ့ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ အမှု ၆ မှုအတွက်ချမှတ်ခဲ့တဲ့ ထောင်ဒဏ်အမိန့်တွေကို  အဆင့်မြင့် တရားရုံးတွေမှာ အယူခံအဆင့်ဆင့်တက်ခဲ့သော်လည်း စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက ပယ်ချခဲ့တာပါ။

” ပထမဆုံးအမှုတွေအတွက်ကျတော့ ရုံးထုတ်တွေရှိနေသေးတော့ သူရှေ့နေတွေနဲ့ တွေ့ရတယ်လေ ။အဲဒီတုန်းက ပါဝါတွေယူခဲ့တာပေါ့။ အခုကျတော့ အမှုတွေကလည်း ပြီးသွားတော့ တွေ့ခွင့်မရဘဲ အယူခံအမှုတွေ ဆက်တက်ဖို့ ကြာနေတဲ့ သဘောပါ အဲဒီသဘောပါ ” လို့ တရားရေး နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ကိုတော့ စစ်ကောင်စီက တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးချူပ်နှောင်ထားပြီး သူ​ရဲ့အမျိုးသမီးနဲ့ တွေ့ခွင့်ပေးထားတဲ့ အတွက် အယူခံအမှုတွေအတွက် သူမကတဆင့်ယူနိုင်တယ်လို့ တရားရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူမရဲ့ ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့်မပေးတာ ၃ လလောက်ရှိနေပြီးဖြစ်တဲ့အတွက် အယူခံအမှုတွေအတွက် အချိန်ကျော်လွန်သွားမှာ စိုးရိမ်ရတယ်လို့ တရားလွှတ်တော် ရှေ့နေ တဦးက သုံးသပ်ပါတယ်။ 

အသက် ၇၈နှစ်ရှိပြီးတဲ့ ဒေါ်‌အောင်ဆန်းစုကြည်ကို  စစ်ကောင်စီကအာဏသိမ်းပြီးနောက် သူမကို အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအမှုတွေအတွက် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်အထိ ချမှတ်ထားတာပါ။