မတ်၊ ၂၆
အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံပြန်မတင်လို့ NLD ရုံးတွေကို ဖျက်ဆီးမှုလုပ်ဆောင်ရင် အဲဒီအကျိုးဆက်ကို စစ်ကောင်စီက မလွဲမသွေရင်ဆိုင်တာဝန်ခံရမယ်လို့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။
“အခုလည်းတရားဝင်ရပ်တည်နေတဲ့နိုင်ငံရေးပါတီဖြစ်ပါတယ်။ကျနော်တို့ပါတီရုံးချုပ် အပါအဝင် ရုံးတွေ အကုန်လုံးက ပြည်သူတွေရဲ့ ထည်ဝင်လှူဒါန်းငွေတွေနဲ့မတည်ပြီး သတ်မှတ်ကာလပေါက်စျေးတွေပေးချေပြီး ရယူထားတဲ့ မြေ၊ အဆောက်အဦးတွေသာ ဖြစ်ပါတယ်။လက်နက်အားကိုးနဲ့ဥပဒေမဲ့ လွန်လွန်ကျူးကျူး လုပ်လာတာတွေကို ဘယ်ပြည်သူတဦးတယောက်မှ လက်ခံမှာမဟုတ်တဲ့ အကျိုးဆက်ကို စစ်ကောင်စီ မလွဲမသွေရင်ဆိုင်ရမှာဖြစ်ပါတယ်” လို့ ဦးကျော်ထွေးက ပြောပါတယ်။
စစ်ကောင်စီကအသစ်ပြဌာန်းလိုက်တဲ့ရွေးကောက်ပွဲဥပဒေပုဒ်မ၁၉အရမှတ်ပုံပြန်မတင်ရင်၊ မှတ်ပုံတင်တာပယ်ဖျက်ခံရရင်ပါတီပိုင်ပစ္စည်းသိမ်းဆည်းခံရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲမှာ NLDပါတီဝင်မပြိုင်ခဲ့ပေမယ့် အဲဒီတုန်းကရွေးကောက်ပွဲဥပဒေအရ ပါတီပိုင်ပစ္စည်းသိမ်းဆည်းခံရတာမရှိခဲ့ပါဘူး။
လက်ရှိမှာလည်း စစ်ကောင်စီဟာ ပါတီရုံးတွေကို ဥပဒေမဲ့ ကျူးကျော်ဝင်ရောက် ဖျက်ဆီးတာ၊ စာရွက်စာတမ်းတွေကို သိမ်းဆည်းသွားတာတွေ လုပ်နေဆဲဖြစ်ပြီး NLD ပါတီဟာ လူတဦးတယောက်၊ အစုအဖွဲ့တခုရဲ့ လက်ခံအသိအမှတ်ပြုခြင်းအပေါ်မှာ မူမတည်ပါဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ NLDရုံးတွေကိုအကြိမ်၁၂၀ကျူးကျော်ဝင်ရောက်ခဲ့သလိုပါတီဝင်၁၆၅ဦး၊ ကိုယ်စားလှယ်၂၀၆စုစုပေါင်း၃၇၁ဦးရဲ့အိမ်ခြံမြေ၃၁၄၊ လုပ်ငန်း၄၀နဲ့ယာဉ်၁၂စီးကိုသိမ်းဆည်းခဲ့တယ်လို့၂၀၂၃ခုနှစ်၊ဇန်နဝါရီလ၅ရက်ကNLDကထုတ်ပြန်ထားပါတယ်။ ကြိုးပေးခံရသူတဦးအပါအဝင်ပါတီဝင်၈၄ဦးသေဆုံးခဲ့ပြီးဖမ်းဆီးခံရသူ ၁၂၃၂ဦးရှိတယ်လို့လည်းဆိုပါတယ်။
မတ်လ ၂၁ရက်က ပြုလုပ်တဲ့ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလပုံမှန်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဟာ ပါတီကို မှတ်ပုံပြန်တင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အွန်လိုင်းက ပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားကို အလေးထားဆောင်ရွက်ဖို့၊ စစ်ကောင်စီအလိုကျ ဆောင်ရွက်နေတဲ့ ပါတီဝင်တွေကို အရေးယူဖို့၊ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဌ ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ) အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး၊ တော်လှန်ရေးကာလ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ တတ်နိုင်သမျှ ပူးတွဲဆောင်ရွက်ဖို့ စတဲ့ အချက် (၁၁) ချက်ကို အတည်ပြုခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဟာ ပါတီတွေကို မတ်လ ၂၈ ရက် နောက်ဆုံးထား ပြန်လည်မှတ်ပုံတင်ကြဖို့ ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ပြဌာန်းတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ကြံ့ခိုင်ရေးပါတီ၊ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ အပါအဝင် ပါတီပေါင်း ၅၂ ပါတီက မှတ်ပုံတင်ကြပါတယ်။ ရှမ်းတိုင်ရင်းသားများ ဒီမိုကရေးစီအဖွဲ့ချုပ် ( SNLD) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ပါတီတွေကိုတော့ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရNUGကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုမကျင်းပနိုင်အောင်တိုက်ဖျက်ကြဖို့ပြောကြားထားတာလည်းရှိပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲတင်မယ့်ပါတီတွေကိုလည်းအစိုးရတရပ်ရဲ့နည်းနာအတိုင်းဥပဒေအရအရေးယူမယ်လို့လည်းထုတ်ပြန်ထားပါသေးတယ်။
ဓာတ်ပုံ – Social Media