ကျုံဒိုးတိုက်ပွဲအတွင်း အရပ်သားသုံးဦးလက်နက်ကြီးထိမှန်သေဆုံး၊ဒေသခံထောင်ချီစစ်ရှောင်နေရ

မတ်၊ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းကတည်းက ဖြစ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ KNLA ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲမှာ အရပ်သား သုံးဦးသေဆုံးခဲ့သလို မြို့ထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျုံဒိုးမြို့ အမှတ်(၂)ရပ်ကွက်မှာရှိတဲ့ ရဲစခန်းနဲ့ မြို့အဝင်အထွက်က စစ်ကောင်စီရဲ့ (၅၄၅)တပ်ရင်း၊ (၅၄၆) တပ်ရင်းတွေကို ဒီကနေ့ မတ် ၂၅ ရက်မနက် ၈ နာရီခွဲဝန်းကျင်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် တာကြောင့် အပြန်အလှန်ပစ်ခတ်မှုစဖြစ်ခဲ့တာလို့ ကျုံဒိုးမြို့ခံ တဦးက DNA ကို ပြောပါတယ်။

“တိုက်ပွဲကတော့ အခုအချိန်ထိတော့ မပြီးသေးဘူး။ ညနေ ၅ နာရီကျော်လောက်အထိက ပစ်ခတ်သံတွေ ကြား နေရတယ်၊ အဲနောက်ပိုင်းကတော့ နည်းနည်းငြိမ်သွားပေမယ့်၊ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရ တုန်း ပါပဲ” လို့သူက ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူပါအသုံးပြုတိုက်ခိုက်နေတာကြောင့် အရပ်သားသုံးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတဲ့အပြင် နေအိမ်တရာနီးပါးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ကျုံဒိုးမြို့ဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်ခဲ့ရသလို တချို့တွေကတော့ မြို့လယ်မှာ ပိတ်မိ နေ တယ်လို့ ကျုံဒိုးမြို့ခံတဦးကပြောပါတယ်။

“ပိတ်မိတဲ့သူတွေလည်း ရှိတယ်၊ အများကြီးပါ၊ တချို့ဆေးရုံတွေမှာ ရှိနေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေဆို ထ မင်းစားဖို့တောင် အခက်အခဲဖြစ်နေကြတယ်၊ ထွက်လို့မရတာလေ၊ လက်နက်ကြီးကလည်း အခုချိန်ထိ ကျနေ သေးတော့၊ ည ၈ နာရီကျော်အထိ ကျနေတာ”လို့သူကပြောပါတယ်။

စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေချိန်အတွင်း ကျုံဒိုးမြို့တွင်းက ဒေသခံနှစ်ဦးနဲ့ မြို့ပြင်က ကော့ဝါလဲ အေးချမ်းသာယာဘက်မှာနေထိုင်သူတဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

“ကိုယ့်ဟာကိုယ်ပြေးနေရတော့ တိတိကျကျတော့ မသိနိုင်ဘူးပေါ့နော်၊ လက်နက်ကြီးနဲ့ ပစ်တာရော၊ လေယာဉ်နဲ့ ပစ်တာရော အားလုံး နည်းနည်းများများပေါ့နော်၊ ထိခိုက်ပျက်စီးမှုက နေအိမ် တရာလောက်ရှိတယ်” လို့သူကပြောပါတယ်။

လက်ရှိ ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လူသူလက်နက်အင်အားဖြည့်တင်းထားပြီး စစ်သားနဲ့ BGF တပ်ဖွဲ့တွေက ကားတွေနဲ့ မြို့အတွင်းမှာ ကင်းလှည့်လည်တာ၊ကင်းပုန်းဝပ်နေရာယူထားတာတွေကြောင့် အချိန် မရွေးတိုက်ပွဲပြန်လည်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“အခု မြို့ထဲမှာ တိတ်ဆိတ်နေတာပဲ၊ စစ်သားတွေ၊ BGF တွေ အများကြီးရောက်လာတယ်၊ ကားတွေနဲ့ လှည့်နေ တာ၊ ကင်းပုန်းတွေလည်း ဝပ်နေတာရှိတယ်။ ဒေသခံတွေလည်း အားလုံးကြောက်နေကြတယ်၊ ဒီပုံစံအတိုင်းဆို တိုက်ပွဲအချိန်မရွေးဖြစ်လာနိင်တယ်လေ၊ ကြောက်တာပေါ့” လို့ကျုံဒိုးဒေသခံကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ ကျားဖြူစစ်ကြောင်းကို ဆက်သွယ် မေးမြန်းရာမှာ လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်တာကြောင့် အခြေအနေအသေးစိတ်ကို ဖြေကြားပေးဖို့ အခက် အခဲရှိနေပြီး နောက်ဆက်တွဲသတင်းကို ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ပြောပါတယ်။

လက်ရှိ ကျုံဒိုးမြို့နယ်နဲ့ မြဝတီမြို့နယ်အတွင်းမှာ စစ်ရေး၊ လုံခြုံရေးအခြေအနေမှဦ ရှုပ်ထွေးနေတာကြောင့် ပြည် သူတွေအနေနဲ့ ကျုံဒိုးမြို့နယ်မှ မြဝတီမြို့နယ်အထိ မည်သည့်နည်းလမ်းနဲ့အမျှ ဖြတ်သန်းသွားလာတာတွေ လုံးဝ မလုပ်ကြဖို့ကိုလည်း ကျားဖြူစစ်ကြောင်းကထုတ်ပြန်အသိပေးထားပါတယ်။


ဓာတ်ပုံ – CJ