မတ်၊ ၂၅
ယူကရိန်း စစ်ပွဲကြောင့် ရုရှားဟာ စစ်လက်နက် အရောင်းအဝယ်ဆိုင်ရာ ကတိကဝတ်တွေကို လေးစားနိုင်စွမ်း မရှိတော့ဘူးလို့ အိန္ဒိယ လေတပ်က ဝေဖန် ပြောကြားလိုက်ပါတယ်။
စစ်ပွဲထဲ အာရုံစိုက်နေရတဲ့အတွက် ရုရှားဟာ အိန္ဒိယဆီ တင်ပို့ရမယ့် စစ်လက်နက်တွေကို သတ်မှတ်ချိန်အမီ ပေးပို့နိုင်စွမ်း မရှိဘဲ ဖြစ်နေကြောင်း အိန္ဒိယ လေတပ်က အတိအလင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒီအခြေအနေက အိန္ဒိယဟာ အစဉ်အလာအရ အဓိက လက်နက် ထောက်ပံ့ပေးနေတဲ့ မိတ်ဖက် နိုင်ငံ ရုရှားနဲ့ ဆက်ဆံရေး မကျေလည်မှုတချို့ ရှိလာကြောင်း တွေးစရာတွေ ဖြစ်လာစေပါတယ်။
အိန္ဒိယ လေတပ်ရဲ့ ကိုယ်စားလှယ် တဦးက အိန္ဒိယ လွှတ်တော်ရဲ့ ကာကွယ်ရေး ကော်မတီ ကြားနာမှုမှာ ယူကရိန်း စစ်ပွဲကြောင့် ရုရှားဟာ လက်နက် တင်ပို့ရေး ကိစ္စမှာ ကတိမတည်နိုင်တော့ဘဲ ဖြစ်နေတယ်လို့ ပြောကြားသွားခဲ့တာပါ။
အိန္ဒိယ လေတပ်ဟာ ရုရှားဆီက လက်နက် အမျိုးအစားတချို့ မှာယူထားကြောင်း၊ ဒါပေမဲ့ ရုရှားက သူတို့အနေနဲ့ အချိန်မီ မပို့ဆောင်နိုင်ပါဘူးဆိုတဲ့ စာတစောင်သာ ရေးသား ပေးပို့လာကြောင်း အဲဒီ ကိုယ်စားလှယ်က ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယ လေတပ်က မှာယူထားတယ်ဆိုတဲ့ ရုရှား စစ်လက်နက်တွေရဲ့ အမျိုးအစားကိုတော့ အကျယ်တဝင့် ရှင်းပြမထားပါဘူး။
သတင်းတွေအရ အိန္ဒိယ လေတပ်အတွက် လောလောဆယ် အရေးအကြီးဆုံး ရုရှားစစ်လက်နက် မှာယူမှုကတော့ S-400 Triumf လေကြောင်းကာကွယ်ရေး ဒုံးကျည် စနစ်ဖြစ်ပါတယ်။ အဲဒီ စနစ်ကို အိန္ဒိယက ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၅.၄ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူထားခဲ့ပါတယ်။ လက်ရှိ အချိန်ထိ အိန္ဒိယက S-400 စနစ် ၃ ခု လက်ခံရရှိထားပြီး နောက်ထပ် ၂ ခုကို စောင့်ဆိုင်းနေဆဲပါ။
ဒါ့အပြင် အိန္ဒိယဟာ ရုရှားဆီက Su-30MKIနဲ့ MiG-29 တိုက်လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ ရရှိရေး မှီခိုနေရပါတယ်။ ရုရှားဟာ ကမ္ဘာပေါ်မှာ လက်နက် တင်ပို့ရောင်းချမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပေမယ့် ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ပြည်ပကို လက်နက် တင်ပို့နိုင်စွမ်းက ပြီးခဲ့တဲ့နှစ်မှာ သိသိသာသာ ကျဆင်းသွားတယ်လို့လည်း သိရပါတယ်။
ဒီအခြေအနေက ကာကွယ်ရေး ကဏ္ဍအတွက် ရုရှား စစ်တပ်တွေအပေါ် အရေးတကြီး မှီခိုနေရတဲ့ အိန္ဒိယအတွက် စဉ်းစားစရာတွေ ဖြစ်လာစေသလို တဖက်မှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အိန္ဒိယကို လက်နက်တွေ ရောင်းချပေးပြီး ရုရှားရဲ့ လွှမ်းမိုးနိုင်စွမ်းကို လျှော့ချဖို့ ပိုမို အားထုတ် ကြိုးစားလာခဲ့ပါတယ်။
Ref: CNN