သထုံမှာ ကုန်တင်ကားတစီးမိုင်းနင်းမိလို့ နှစ်ဦးဒဏ်ရာရ

မတ် ၊ ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ကမာစိုင်ကျေးရွာမှာ မတ် ၂၃ ရက်၊ ည ၉ နာရီခန့်က ကြက်သွန်နီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစီး မိုင်းနင်းမိတာကြောင့် ယာဉ်မောင်းတဦးနဲ့ ယာဉ်နောက်လိုက်တဦးစုစုပေါင်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ကျိုက်ထိုမြို့နယ်ဘက်နေ သထုံမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ ၁၂ ဘီးကုန်တင်ယာဉ်က ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ အမည်မသိအဖွဲ့တဖွဲ့မှ ထောင်ထားတဲ့ မိုင်းကို တက်နင်းမိရာ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“အဲနေရာက ခဏခဏဖြစ်တယ်။   မိုင်းက တလုံးပဲ ပေါက်သွားတာ။ကားခေါင်းခန်းပိုင်းကို ထိတာ၊ မှန်တွေကွဲတာပေါ့။ လူလည်း ထိတယ်လေ။ ဘယ်သူထောင်ထားတာလဲတော့ ဘယ်သိမလဲဗျာ။” ဟု ၎င်းက ပြောပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်စုစုပေါင်းအမျိုးသားနှစ်ဦးလိုက်ပါလာတဲ့ အဲဒီကားမှာ

မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်မောင်းဖြစ်သူက ထိခိုက်ဒဏ်ရာအနည်းသာရရှိခဲ့ပေမယ့် ယာဉ်နောက်လိုက်ကတော့  ခန္ဓာကိုယ်၊ မျက်နှာ၊ ဦးခေါင်း၊ ခြေလက်တွေမှာ ဗုံးစနဲ့ မျက်ကွဲစ ထိမှန်ထားတာကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

လက်ရှိ ဒီတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကို လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိ‌သေးပါဘူး။

သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုအေးမင်းထွန်းကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မဟာမိတ်အဖွဲ့ဝင်တွေကို စုံစမ်းမေးမြန်းနေဆဲဖြစ်တာကြောင့် အတည်မပြုပေးနိုင်သေးဘူးလို့ DNA ကို ပြောပါတယ်။

“ ကျွန်တော်တို့ အဲဒါကို စုံစမ်းနေတုန်းပဲ။ ပြီးရင်တော့ ပြန်ပြောမယ်။ မဟာမိတ်အဖွဲ့တွေကိုလည်း မေးကြည့်အုန်းမယ်လေ။ သေချာအောင်ပေါ့နော်။” ဟု ၎င်းက ပြောပါတယ်။

ဒါ့အပြင်ဘီးလင်းမြို့နယ်မှာ ဒီကနေ့မနက် ၁၁ နာရီကျော်မှာ လူငယ်နှစ်ဦးက ဒေါက်ရပ်ကျေးရွာနဲ့ ရွှေရောင်ပြကျေးရွာအကြား၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတစ်နေရာ မိုင်းထောင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရာမှ အသေပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ စစ်တပ်ထောက်ခံတယ်လီဂရမ် ချန်နယ်တွေမှာ ဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ပစ်သတ်ခံရတဲ့ ဒါဟာ စစ်ကောင်စီထောက်ခံသူတွေက ဝါဒဖြန့်နေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ယခုလို စစ်ဆင်ရေးမျိုးကို စေခိုင်းတာမရှိဘူးလို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်က တုံ့ပြန်ပြောဆိုထားပါတယ်။

သထုံမြို့နယ် ၊ကမာစိုင်ကျေးရွာမှာဆိုရင် သုံးလအတွင်း ခရီးသည်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီမှာ ၁ ဦးသေဆုံးကာ ၄ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DNA က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က မြေမြှပ်မိုင်းနဲ့ ပေါက်ကွဲစေတက်တဲ့ပစ္စည်းတွေကြောင့် ၂၈၈ ဦးထိခိုက်ပြီး ၁၀၂ ဦးသေဆုံးကာ ၂၀၂၂ ခုနှစ်မှာတော့ ၃၉၀ အထိမြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်၊ မိုင်းအသုံးပြုမှုတားဆီးရေးစာချုပ်ကို လက်မှတ်ရေးထိုးထားတာမရှိသလိုလက်ရှိမှာ စစ်ကောင်စီတပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကပါ မိုင်းကိုအသုံးပြုနေကြပါတယ်။