ဒုတိယ ကမ္ဘာစစ်လက်ကျန် တင့်ကားတွေပါ ထုတ်သုံးနေလို့ အလှောင်ခံနေရတဲ့ ရုရှားစစ်တပ်

မတ် ၊ ၂၄

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ညာလက်ရုံးလည်းဖြစ်၊ ကိုယ်တိုင်လည်း ရုရှား သမ္မတဟောင်း တဦးဖြစ်တဲ့ ဒီမီထရီ မက်ဗီဒက်ဗ်က ရုရှားဟာ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး တင့်ကားတွေကို ပိုင်ဆိုင်ထားပြီး ရုရှားလုပ် T-90M တင့်ကားတွေဟာ အမေရိကန်ရဲ့ Abramsတွေ၊ ဂျာမနီရဲ့ Lepoard 2တွေနဲ့ ဗြိတိန်ရဲ့ Challenger 2တွေလို ကမ္ဘာကျော် တင့်ကားတွေထက် အပြတ်အသတ် သာလွန်ကြောင်း ကြွေးကြော်ထားပါတယ်။ လက်တွေ့မှာတော့ ရုရှားဟာ ယူကရိန်း စစ်မြေပြင်ဆီကို ဒုတိယ ကမ္ဘာစစ်သုံး တင့်ကား အဟောင်းအနွမ်းတွေကိုပါ စေလွှတ်ရတဲ့ အခြေအနေမျိုးထိ ဖြစ်နေတာကြောင့် လှောင်ပြောင်ခံနေရပါတယ်။

 အနောက်ဖက် ယူကရိန်း စစ်မြေပြင်ဆီ စေလွှတ်ဖို့အတွက် ဒုတိယ ကမ္ဘာစစ်သုံး ဆိုဗီယက် တင့်ကားတွေကို ကတိုက်ကရိုက် မွမ်းမံ ပြင်ဆင်နေတဲ့ ဓာတ်ပုံ အထောက်အထားတွေက အခုဆိုရင် ရုရှားနိုင်ငံက လူမှုကွန်ရက် သုံးစွဲသူတွေကြား ပျံ့နှံ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေအရ ရုရှားတင့်ကားတွေဟာ ယူကရိန်း စစ်ပွဲမှာ ပြုတ်ပြုတ်ပြုန်းကုန်ပြီး အလျင်မီအောင် အစားထိုး မထုတ်လုပ်နိုင်သေးတဲ့အတွက် တင့်ကားအို၊ တင့်ကားဟောင်းတွေကို ဂိုဒေါင်ထဲက ဆွဲထုတ်လာရတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

 တီဆီဘလီ အခြေစိုက် စစ်လက်နက် သုတေသန အဖွဲ့အစည်း တခုကတော့ အခုတွေ့ရှိရတဲ့ တင့်ကားတွေဟာ ဆိုဗီယက်မှာ ဂျိုးဆက် စတာလင် အာဏာရနေဆဲကာလ ၁၉၄၆ ခုနှစ်လောက်က စတင် အသုံးပြုခဲ့ပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဆိုဗီယက် တပ်နီတော်ရဲ့ အဓိက တိုက်ပွဲဝင် တင့်ကားတွေ ဖြစ်ခဲ့တဲ့ T-54 အမျိုးအစားတွေလို့ ဖော်ပြပါတယ်။ တနည်းအားဖြင့် ရုရှားဟာ ဆယ်စုနှစ် ၇ ခုလောက် သက်တမ်းရှိနေတဲ့ မျိုးဆက်ဟောင်း တင့်ကားတွေကိုပါ ယူကရိန်းဆီ စေလွှတ်နေရတဲ့ အဓိပ္ပါယ်ပါပဲ။

 

 ယူကရိန်းကို အနောက်နိုင်ငံတွေက ထောက်ပံ့ခဲ့တဲ့ ပခုံးထမ်း ဒုံးကျည်တွေရဲ့ အစွမ်းရော၊ ရုရှားစစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေး အစီအမံ အားနည်းချက်တွေကြောင့် တင့်ကားတွေ အကာအကွယ်မဲ့ ချီတက်ရတဲ့ အခြေအနေတွေကြောင့်ပါ ယူကရိန်း စစ်မြေပြင်မှာ ရုရှားတင့်ကား အမြောက်အမြား ပျက်စီးခဲ့ကြောင်း စစ်ရေး သုတေသီတွေက ပြောကြားထားပါတယ်။

 လူမှုကွန်ရက် သုံးစွဲသူတွေကတော့ တကယ်လို့သာ ရုရှားတပ်တွေ အနေနဲ့ ဒုတိယ ကမ္ဘာစစ်လက်ကျန် တင့်ကားတွေပါ သုံးစရာ မရှိတော့ဘူးဆိုရင် မြင်းတွေစီးပြီး တိုက်ခိုက်ကြဦးမလားလို့ လှောင်ပြောင်နေကြပါတယ်။

 လက်နက် ပါရဂူ အများစုကတော့ နှေးကွေးသလို သံချပ်ကာ နည်းပညာလည်း အရမ်းခေတ်နောက်ကျနေပြီဖြစ်တဲ့ T-54တွေသာ မျက်မှောက်ခေတ် စစ်မြေပြင်ဆီ ရောက်သွားရင် မိနစ်ပိုင်းတောင် မခံလောက်ဘူးလို့ ပြောပါတယ်။ တဖက်မှာလည်း စစ်ရေး သုတေသီ တချို့က ခံစစ်အထိုင်ချတဲ့ နေရာမျိုးတွေမှာ တင့်ကားအိုကြီးတွေက ရုရှားတပ်တွေအတွက် အတိုင်းအတာ တခုထိတော့ အထောက်အပံ့ ဖြစ်စေနိုင်လိမ့်မယ်လို့ မှတ်ချက် ပေးနေကြပါတယ်။

 ယုံကြည်ရလောက်တဲ့ အထောက်အထားတွေကို ကိုးကားပြီး Oryx သုတေသန အဖွဲ့က ယူကရိန်း စစ်ပွဲ ကာလတလျှောက် ရုရှားတင့်ကားတွေ ပျက်စီးတာ၊ ဆုံးရှုံးတာ၊ ဆက်အသုံးပြုလို့ မရလောက်အောင် ထိခိုက်တာတွေ စုစုပေါင်း အရေအတွက် ၁၉၀၀ နီးပါးလောက်ထိ ရှိနေပြီလို့ ခန့်မှန်း ဖော်ပြထားပါတယ်။