ဘိုင်ယန် မန်နေဂျာ ဖြစ်လာဖို့ သတင်းကြီးနေတဲ့ ချဲလ်ဆီး မန်နေဂျာဟောင်း တူဟဲလ်

မတ် ၊ ၂၄

ဘိုင်ယန် မြူးနစ် အသင်းဟာ လက်ရှိ မန်နေဂျာ ဂျူလီယန် နာဂယ်လ်စ်မန်းကို ထုတ်ပယ်ပြီး ချဲလ်ဆီး မန်နေဂျာဟောင်း သောမတ်စ် တူဟဲလ်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

 ဂျာမန် ဘွန်းဒစ်လီဂါ ချန်ပီယံ အသင်းက မန်နေဂျာ အပြောင်းအလဲနဲ့ ပတ်သက်လို့ တရားဝင် အတည်မပြုသေးပေမယ့် ဂျာမန် သတင်းဌာနကြီး Bild အပါအဝင် ယုံကြည်ရလောက်တဲ့ ရင်းမြစ်တချို့က အခုကိစ္စကို အခိုင်အမာ ဖော်ပြလာကြပါတယ်။

 ဂျာမန်သား တူဟဲလ်ဟာ အင်္ဂလန်ကလပ် ချဲလ်ဆီးအပြင် ပြင်သစ်ရဲ့ ပီအက်စ်ဂျီနဲ့ ဂျာမနီကလပ် ဘိုရပ်ရှား ဒေါ့တ်မန်တို့လို နာမည်ကြီး အသင်းတချို့ကိုလည်း ကိုင်တွယ်ဖူးပါတယ်။ သူဟာ ရာသီ အစပိုင်းက ချဲလ်ဆီး မန်နေဂျာ အဖြစ်က ထုတ်ပယ် ခံရပြီး ကတည်းက လက်ဆုပ်လက်ကိုင် အသင်း မရှိသေးပါဘူး။

လက်ရှိ အခြေအနေအရ တူဟဲလ်ဟာ ဘိုင်ယန် မန်နေဂျာဘဝ ပွဲဦးထွက်အဖြစ် ဧပြီ ၁ ရက်မှာ အသင်းဟောင်း ဒေါ့တ်မန်နဲ့ ရင်ဆိုင်မယ့် ပွဲစဉ်ကို တာဝန်ယူသွားရဖွယ် ရှိနေပါတယ်။ ဘိုင်ယန်ဟာ အခုရာသီ အမှတ်ပေးဇယား ပြိုင်ပွဲမှာ ထိပ်ဆုံးက ဒေါ့တ်မန်ထက် ၁ မှတ်လျော့ အနေအထားနဲ့ ယှဉ်ပြိုင်နေရပါတယ်။ ဒါပေမဲ့ ဥရောပ ချန်ပီယံလိဂ်မှာတော့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့ပြီး နောက်လထဲမှာ အင်္ဂလန်ကလပ် မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

 အသက် ၃၅ နှစ်သာ ရှိသေးတဲ့ နာဂယ်လ်စ်မန်းဟာ ဘိုင်ယန်ကို ပြီးခဲ့တဲ့ ရာသီက ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပေမယ့် လက်ရှိရာသီ ပြည်တွင်း စွမ်းဆောင်ရည်ပိုင်း အားနည်းချက်တွေကြောင့် ထုတ်ပယ် ခံရနိုင်ကြောင်း ကောလာဟလတွေ ကာလအတန်ကြာ ထွက်ပေါ်နေခဲ့ပါတယ်။

 အစောပိုင်းမှာ အင်္ဂလန်ကလပ် တော့တင်ဟမ် ဟော့စပါးကလည်း လက်ရှိ မန်နေဂျာ အန်တိုနီယို ကွန်တီကို ထုတ်ပယ်ပြီး တူဟဲလ်နဲ့ အစားထိုးဖို့ ကြိုးစားနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တူဟဲလ်ဟာ ၆ နှစ်ကြာ ဝေးကွာနေတဲ့ ဂျာမန် ဘွန်းဒစ်လီဂါ ပြိုင်ပွဲတွေဆီ ပြန်သွားဖို့ အကြောင်းဖန်လာပြီလို့ Bildက ဖော်ပြသွားပါတယ်။