တမူးမြို့မှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်

မတ်၊ ၂၃
 
စစ်ကိုင်းတိုင်း တမူးမြို့နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းအနီး ကွန်းတောင်းရွာမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဒီကနေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက DNA ကို ပြောပါတယ်။
 
ကွန်းတောင်းရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းငယ်တခုကို စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
တမူးဒေသမှာ စစ်ကောင်စီနဲ့ နှစ်ဘက်တိုက်ပွဲတွေရှိခဲ့ပေမယ့် လေကြောင်းက တိုက်ခိုက်မှုဟာ အခုတကြိမ်မှာ ပထမဆုံးဖြစ်တယ်လို့ သူကဆိုပါတယ်။
 
” တခါမှ ခုလို တိုက်လေယာဉ်နဲ့ လာပစ်တာမျိုး မကြုံသေးဘူး၊ စကစတွေဘက် အထိအခိုက်အကျအဆုံးများတော့ သူတို့က လေကြောင်းပစ်ကူ ခေါ်တယ်ဗျ၊ ကျွန်တော်တို့ရဲဘော်တွေ ပြန်လည်ထိုးစစ်ဆင်တဲ့အချိန် စစ်‌ခွေးအလောင်း လေးလောင်းထိ ရတယ် ” လို့ အဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
 
ကွန်းတောင်းရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ထိုးစစ်ဆင်လာတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းကနေ ဆုတ်ခွာပေးပြီးမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာလို့ သိရပါတယ်။
 
ကွန်းတောင်းရွာဟာ တမူးမြောက်ဘက် ရှစ်မိုင်အကွာလောက်မှာရှိပြီး အိန္ဒိယ-မြန်နယ်စပ်မျဉ်းနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ ရွာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်တွေဘက်က နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု အခြေအနေအသေးစိတ်ကိုတော့ မသိရပါဘူး။
 
” နာရေးကားတွေ သွားတာတွေ့တယ်၊ စော်ဘွားရပ်ကွက်ထဲရော မြို့မ-၁၃ရပ်ကွက်ထဲရော သွားကြတယ်၊ ပျူခေါင်းဆောင်တစ်ဦး ထိခိုက်ဒဏ်ရာစိုးရိမ်ရတယ်လို့ ပြန်ကြားတယ် ” လို့ တမူးမြို့ခံတဦးက ပြောပါတယ်။
 
ကွန်းတောင်းရွာခံ ဒေသခံပြည်သူတွေကတော့ နှစ်ဘက်တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်စခန်းကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – တမူး PDF
ပုံစာ – ကွန်းတောင်းရွာတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တဦး