တရုတ်၊ ပါကစ္စတန်တို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ကိုယ့်ရှူးကိုယ်ပတ်နေတဲ့ မြန်မာစစ်တပ် (စနေ မနက် ၉း၀၀ နာရီတင်ရန် ဆောင်းပါး)

မတ်၊ ၂၅

ပြည်တွင်းက အရပ်သား ဧရိယာတွေ၊ တိုင်းရင်းသား ပြည်သူလူထုတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကျင့်ဝတ်မဲ့ ကျူးလွန်ဖို့အတွက် မြန်မာ စစ်ကောင်စီဟာ တိုက်လေယာဉ်တွေ ပိုမို ဖြည့်တင်း ဝယ်ယူလာရပါတယ်။ ဒီလိုနဲ့ JF-17 တိုက်လေယာဉ်တွေကို လက်သင့်ရာ လှမ်းဝယ်လိုက်မိတဲ့ စစ်ကောင်စီ လေတပ်ဟာ အရွေးမှားပြီး ခြောက်အိပ်မက်တွေ ကြုံတွေ့နေပြီ ဖြစ်ပါတယ်။

JF-17တွေကို တရုတ်နဲ့ ပါကစ္စတန်တို့က ပူးပေါင်း တည်ဆောက်ထားတာပါ။ အဲဒီလေယာဉ်တွေကို ရရှိလာ ကတည်းက မြန်မာ လေတပ်ဟာ ကိုယ့်ရှူးကိုယ်ပတ်တဲ့ အခြေအနေတွေ ကြုံလာရပါတယ်။ အခုဆိုရင် ဒီလေယာဉ်တွေဟာ လေတပ်အတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာနေပြီလို့ အကြောင်းသိတွေက ပြောဆိုနေပါတယ်။

မကြာသေးခင်တုန်းက ပါကစ္စတန်ဟာ မြန်မာဆီ ရောင်းချထားတဲ့ JF-17 တိုက်လေယာဉ်တွေကို ပြင်ဆင်ဖို့ အင်ဂျင်နီယာ အဖွဲ့တခုကို မြန်မာနိုင်ငံဆီ စေလွှတ်ခဲ့ကြောင်း သတင်းဌာန တချို့က ဖော်ပြခဲ့ပါတယ်။ မြန်မာ စစ်တပ် လက်ထဲမှာ လောလောဆယ် JF-17 ၁၁ စီးရှိပြီး အံ့ဩစရာ ကောင်းလောက်အောင်ပဲ လောလောဆယ်မှာ တစီးမှ တိုက်ပွဲဝင်အဆင့် အသုံးပြုလို့ မရပါဘူး။ နည်းပညာပိုင်း ချွတ်ယွင်းမှု အမျိုးမျိုးကြောင့် မြေစိုက်ထားရတဲ့ သဘောပါပဲ။

ပါကစ္စတန်က မြန်မာဆီ ရောင်းချပေးခဲ့တဲ့ JF-17တွေဟာ ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့တဲ့ ကာလတွေ ကတည်းက ပြဿနာတွေ၊ နည်းပညာပိုင်း ချွတ်ချော်မှုတွေကြောင့် နာမည်ပျက်ခဲ့ပါတယ်။ အဲဒီလို ဗြဟ္မာ့ဦးခေါင်း တိုက်လေယာဉ်တွေ လက်ထဲ ရောက်လာတဲ့ အချိန်မှာ ကိုယ်တိုင် ကိုင်တွယ်နိုင်ဖို့ လုံလောက်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုမျိုးလည်း မြန်မာစစ်တပ်က ပိုင်ဆိုင်မထားပါဘူး။

တရုတ်-ပါကစ္စတန် ဖက်စပ် ထုတ်လုပ်တဲ့ JF-17တွေကို ဝယ်ယူဖို့ မြန်မာနိုင်ငံက ၂၀၁၆ မှာ သဘောတူ စာချုပ်ခဲ့ပါတယ်။ လေယာဉ်တွေ စတင် လက်ခံရရှိပြီး ၂၀၂၂ ခုနှစ်လောက်မှာပဲ JF-17တွေရဲ့ တည်ဆောက်မှုနဲ့ နည်းပညာပိုင်း အနာအဆာတွေက စပြီး ဇာတိပြလာတော့တာပါပဲ။

တရုတ်-ပါကစ္စတန်-မြန်မာတို့ဟာ သုံးပွင့်ဆိုင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ JF-17တွေကို အရောင်းအဝယ် လုပ်ခဲ့ကြတာပါ။ တချိန်တည်းမှာပဲ မြန်မာလေတပ် အရာရှိတွေဟာ ပါကစ္စတန်မှာ ၆ လသင်တန်း သွားတက်ပြီး JF-17တွေကို ကိုင်တွယ် မောင်းနှင်ဖို့ လေ့ကျင့် သင်ယူခဲ့ကြပါတယ်။

လက်ရှိ မြန်မာ့ ပြည်တွင်းရေး အခြေအနေကို ကြည့်ရင် အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ခုခံရေး အင်အားစုပေါင်းစုံနဲ့ စစ်ခင်း တိုက်ခိုက်နေရပါတယ်။ အာဏာသိမ်းပြီး ၂ နှစ်လောက်အတွင်း စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေ လျင်လျင်မြန်မြန် လျော့ပါးလာတာကို ကြည့်ရင် သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ မအောင်မြင်တာကို မြင်သာပါတယ်။

စစ်မြေပြင်မှာ အထိနာမှုတွေကြောင့် လေတပ်ကိုပဲ အသည်းအသန် အားကိုးနေရတဲ့ မြန်မာ စစ်တပ်ဟာ တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ ဗုံးကြဲ တိုက်ခိုက်နိုင်ဖို့အတွက် JF-17တွေကို မြန်နိုင်သမျှမြန်မြန် ပြန်အသုံးပြုချင်နေပါတယ်။ ဒါကြောင့်လည်း ပျက်နေတဲ့ လေယာဉ်တွေကိုပြင်ဖို့ ပါကစ္စတန် အင်ဂျင်နီယာတွေက မြန်မာနိုင်ငံဆီ ရောက်ရှိလာတာ ဖြစ်ပါတယ်။

တရားလက်မဲ့ အာဏာသိမ်းမှု အပြီးမှာတော့ မြန်မာ စစ်ကောင်စီဟာ အနောက်နိုင်ငံတွေရဲ့ ပြင်းပြင်းထန်ထန် ဘက်ပေါင်းစုံ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအခြေအနေကြောင့်လည်း မြန်မာ စစ်အာဏာရှင်တွေ အနေနဲ့ လေကြောင်း တိုက်ခိုက်မှု စွမ်းအင် မြှင့်တင်ဖို့အတွက် တရုတ်နဲ့ ပါကစ္စတန်ကို ပိုမိုမှီခိုလာရပြီး JF-17တွေနဲ့ နှစ်ပါးသွားရတော့တာပါပဲ။

အရင်တုန်းကဆိုရင် မြန်မာစစ်တပ်ဟာ ရုရှားဆီကလည်း လက်နက်တွေ ဝယ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ယူကရိန်း စစ်ပွဲကြောင့် ကိုယ်ထုတ်လုပ်တဲ့ လက်နက်တောင် ကိုယ်တိုင် အသုံးပြုဖို့ မလောက်မငှ ဖြစ်နေတဲ့ ရုရှားဆီက လောလောဆယ် တိုက်လေယာဉ်တွေ ဝယ်ဖို့ကလည်း မဖြစ်နိုင်သလောက်ပါပဲ။

အစောပိုင်းတုန်းက တရုတ်နဲ့ ပါကစ္စတန်တို့ဟာ JF-17တွေကို အာဂျင်တီးနားဆီ ရောင်းချဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တင်အမေရိက ဒေသတွင်း နိုင်ငံက အဲဒီ လေထဲက အမှိုက်စုတ်ကြီးကို စျေးကြီးပေးဝယ်ဖို့ ပါးပါးနပ်နပ်နဲ့ပဲ ငြင်းဆန်သွားခဲ့ပါတယ်။

Chengdu FC-1/JF-17 Thunderလို့ နာမည်အပြည့်အစုံ ခေါ်တွင်တဲ့ အင်ဂျင်တလုံးတပ် အပေါ့စား တိုက်လေယာဉ်တွေကို ပါကစ္စတန်က အဓိက တည်ဆောက်ပြီး တရုတ်က နည်းပညာပိုင်း ပံ့ပိုးပေးထားပါတယ်။ မူလတုန်းကတော့ JF-17တွေကို နိုင်ငံတကာ စျေးကွက်ထဲ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ဖို့ ရည်မှန်းချက် အကြီးကြီး ထားခဲ့ပေမယ့် အတော်လေး နာမည်ပျက်နေတဲ့ သတင်းတွေကြောင့် စျေးကွက် ပျက်သွားပါတယ်။ တရုတ်ကိုယ်တိုင်တောင် ဒီလေယာဉ်တွေကို မသုံးဘဲ ကိုယ်တိုင်ထုတ်လုပ်တဲ့ ပါကစ္စတန် အပါအဝင် ၃ နိုင်ငံပဲ ဒီတိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပါတယ်။ မြန်မာအပြင် နိုက်ဂျီးရီးယားကလည်း JF-17တွေကို မှာယူဖူးပေမယ့် နောက်ပိုင်းမှာတော့ အဝယ် ရပ်သွားပါပြီ။

ဒီတိုက်လေယာဉ်တွေကို စတုတ္ထမျိုးဆက် သတ်မှတ်ချက်အောက်မှာ ထုတ်လုပ်ထားပြီး လေယာဉ်မှူး တစ်ဦးတည်းက ထိန်းချုပ် မောင်းနှင်နိုင်ပါတယ်။ စံသတ်မှတ်ချက်တွေ အရတော့ JF-17တွေဟာ ကီလိုမီတာ ၁၄၀၀ လောက် ခရီးပေါက်အောင် ပျံသန်းရင်း စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ပါတယ်။

အဓိက ပြဿနာကတော့ လေယာဉ်မှာ တပ်ဆင်ထားတဲ့ ရုရှားလုပ် RD-93 အင်ဂျင်ဖြစ်ပြီး ပြဿနာပေါင်းစုံနဲ့ ဗွေဖောက်တတ်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်။ ထုတ်လုပ်မှု သက်တမ်း ဘယ်လောက်မှ မကြာသေးပေမယ့် JF-17တွေဟာ လူသိရှင်ကြား ပျက်ကျမှု ၄ ကြိမ်ထက်မနည်း ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။

(First Post China, Pakistan pull a fast one on Myanmar, deliver junk fighter jets ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)