အမြန်လမ်းမှာယာဉ်တိုက်မှုဖြစ်ပြီး နှစ်ဦးသေဆုံး၊ဆယ့်လေးဦးဒဏ်ရာရ

မတ်၊ ၂၃

ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် (၂၈၄)အနီးမှာဒီကနေ့မနက်ခြောက်နာရီဝန်းကျင်က ရပ်ထားတဲ့ ခြောက်ဘီး ကုန်တင်ကားကို light truck ကားက နောက်ကဝင်တိုက်မိလို့ ကားခေါင်းခန်းကလိုက်လာတဲ့ အမျိုးသားနှစ်ဦး သေဆုံး ပြီးနောက်ထပ်လူအများ အပြား ဒဏ်ရာတွေရသွားတယ်လို့ ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ ပြည်သာယာ လူမှုကူ ညီ ရေးအသင်း တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။

“ခေါင်းခန်းထဲက နှစ်ယောက် ကားထဲမှာညပ်ပြီး ပွဲချင်းပြီး body(သေဆုံး)တယ်၊ မနည်းတောင်ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ထုတ်ရတယ်၊ယာဉ်မောင်းဟုတ်လားတော့မသိဘူး၊နောက်ခန်းထဲကလူတွေလည်း ဒဏ်ရာတွေရ  တယ်၊စိုးရိမ်စရာတော့ မရှိပါဘူး အားလုံးကိုဆေးရုံပို့ပေးထားတယ်လို့”သူကပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် light truck ကားပေါ်လိုက်ပါလာသူ (၁၈)ဦးထဲက နှစ်ဦးသေဆုံးပြီး (၁၄)ဦးမစိုးရိမ်ရဒဏ်ရာ တွေရကာ နှစ်ဦးကတော့ ဒဏ်ရာရတာမရှိဘူးလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ဖြစ်စဉ်မှာ သီးကုန်းအမြန်လမ်း မီးသတ်စခန်းကတပ်ဖွဲ့ဝင်တွေလည်းကူညီပေးခဲ့တယ်လို့သိရပါတယ်။

ကုန်တင်ကားကို တိုက်မိခဲ့တဲ့ light truck ကားပေါ်လိုက်ပါလာသူတွေဟာ တပ်ကုန်းမြို့နယ်၊မိုးညိုရွာဒေသခံ တွေ ဖြစ်ပြီး လားရှိုးမြို့ကို ရာဘာစေးခြစ်တဲ့အလုပ်လုပ်ဖို့သွားရာက အခုလို ဖြစ်ခဲ့တာလို့ ပြည်တော်သာ လူငယ်လူမှု ကူညီရေး အသင်း တာဝန်ရှိသူကDNAကို ပြောပါတယ်။

တည်ဆဲဥပဒေတွေအရ ရန်ကုန်-မန္တလေးအမြန်လမ်း လမ်းမကြီးပေါ်မှာကုန်တင်ယာဉ်တွေဖြတ်သန်း မောင်းနှင် ခွင့်မရှိပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ ကုန်စိမ်း၊ကုန်စို၊ကုန်ခြောက်၊ကုန်မာခွဲပြီး အမျိုးအစားသတ်မှတ်ကြေး ပေး ဆောင်ပြီး အမြန်လမ်းယာဉ်စည်းကမ်းကြီးကြပ်ရေးအဖွဲ့က ဖြတ်သန်းခွင့်ကတ်တွေထုတ်ပေးထားတာလို့ ကုန် တင်ယာဉ်မောင်းတွေကပြောပါတယ်။

အဲ့ဒီကုန်တင်ကားဖြတ်သန်းခွင့်ကတ်အတွက် တလကျပ်ငါးသောင်းနဲ့အထက် ပေးဆောင်ရတယ်လို့ သိရပါတယ်။