မိုဘိုင်းဖုန်းကြည့်ပြီး သွင်းဂိုး ပယ်ဖျက်ခဲ့တဲ့ အီဂျစ် ဒိုင်လူကြီး တာဝန်ကနေ ဆိုင်းငံ့ခံရ

မတ်၊ ၂၃

ဂိုးပေးသင့် မပေးသင့် ဆုံးဖြတ်ဖို့အတွက် ပရိသတ် တဦးရဲ့ ဖုန်းကို ယူကြည့်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ပွဲကြီးကြပ်ခွင့် တာဝန်တွေ ယာယီ ဆိုင်းငံ့ထားမယ်လို့ အီဂျစ် ဘောလုံး ဒိုင်လူကြီးများ အဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယှဉ်ပြိုင်တဲ့ အီဂျစ် ဒုတိယတန်း ပွဲစဉ် တခုမှာ အယ်လ်နာဆာ အသင်းက ဆူးအက်ဇ် အသင်းကို နောက်ကျ ချေပဂိုး သွင်းယူပြီး အောင်ပွဲခံခဲ့ပါတယ်။ အဲဒီ ပွဲစဉ်မှာ ဒိုင်လူကြီး အထောက်အပံ့ ဗီဒီယို နည်းပညာ (VAR) အသုံးပြုထားတာမျိုး မရှိခဲ့ပါဘူး။

 ဆူးအက်ဇ် အသင်းသားတွေက အယ်လ်နာဆာရဲ့ သွင်းဂိုးမှာ လက်ထိဘော ကျူးလွန်တဲ့ အခြေအနေ ရှိခဲ့တယ်လို့ ဝိုင်းဝန်း စောဒက တက်ကြတဲ့နောက် ကွင်းလယ်ဒိုင် မိုဟာမက် ဖာရွတ်ခ်က ပရိသတ် တဦး ရိုက်ကူးထားတဲ့ ဗီဒီယို မှတ်တမ်းကို ပြန်လည် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် အယ်လ်နာဆာရဲ့ ဂိုးကို ပယ်ဖျက်လိုက်ပါတယ်။

 ဒီကိစ္စနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်နေတဲ့ အယ်လ်နာဆာ အသင်းက စောဒကတက် တိုင်ကြားခဲ့တဲ့နောက် အီဂျစ် ဒိုင်လူကြီးများ အဖွဲ့ချုပ် အကြီးအကဲ ဗစ်တာ ပါရဲရားက ဖာရွတ်ခ် အပါအဝင် အဲဒီပွဲစဉ်မှာ တာဝန်ယူခဲ့တဲ့ ဒိုင်တဖွဲ့လုံးကို ရက်အကန့်အသတ်မရှိ ပွဲကြီးကြပ်ခွင့် ယာယီ ဆိုင်းငံ့ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

 ပွဲရဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်အတွက် ကွင်းလယ်ဒိုင် ဖာရွတ်ခ်က မိုဘိုင်းဖုန်း တလုံးကို အသုံးပြုခဲ့တဲ့အပေါ် ကော်မတီ အနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ သေချာ ပြန်လည် ဆန်းစစ်သွားမယ်လို့ ပါရဲရားက ဆိုပါတယ်။

အငြင်းပွားစရာ အခြေအနေ ဖြစ်ခဲ့တုန်းက ဆူးအက်ဇ် အသင်းဟာ ၂-၁ နဲ့ ဦးဆောင်နေပြီး ဖာရွတ်ခ်က အယ်လ်နာဆာရဲ့ ချေပဂိုးကို ပယ်ဖျက်ပြီး မရှေးမနှောင်းမှာပဲ ဆူးအက်ဇ်က နောက်တဂိုး ထပ်သွင်းလို့ ၃-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

 ပွဲအပြီးမှာတော့ အယ်လ်နာဆာ ကစားသမားတွေ၊ အသင်းတာဝန်ရှိသူတွေက အပြင်းအထန် ကန့်ကွက် ဝေဖန်တာကြောင့် ဖာရွတ်ခ်ဟာ ကွင်းထဲကနေ ရဲအစောင့်အရှောက်နဲ့ ထွက်ခွာခဲ့ရပါတယ်။ ပြီးတော့ ဘောလုံးစည်းမျဉ်းတွေကို ဘောင်ကျော် ချိုးဖောက်တဲ့ ကွင်းလယ်ဒိုင်ကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။