မန္တလေးမှာ တရားရုံးထဲဗုံးပေါက်ကွဲလို့ ရဲတဦးသေ၊ တဦးဒဏ်ရာရ၊ ပစ်ခတ်မှုကြောင့် ရာအိမ်မှူးနှစ်ဦးသေ

မတ်၊ ၂၂

မန္တလေးတိုင်း၊ အမရပူရမြို့နယ် တရားရုံးထဲ ဒီကနေ့ နေ့ခင်းပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ရဲတပ်သား တဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရသွားသလို အောင်မြေသာစံမြို့နယ်မှာလည်း ရာအိမ်မှူးနှစ်ဦးပတ်ခတ်ခံရလို့ သေဆုံးတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေကဆိုကြပါတယ်။

ဒီကနေ့ မတ်လ ၂၂ ရက်၊ နေ့ခင်း ၁ နာရီလောက်က မှန်တန်းရပ်ကွက်၊ စစ်ကိုင်း- မန္တလေးသွားကားလမ်းမပေါ်ရှိ အမရပူရမြို့နယ် တရားရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ရဲတပ်သား ဖော်ဆန်းဦးဆိုသူ သေဆုံးခဲ့ပြီး ရဲတပ်သား လှခိုင်ဆိုသူ ထိခိုက်ဒဏ်ရာရခဲ့တာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေကဆိုပါတယ်။

” တရားရုံးမှာ တရားခံထုတ်လာတဲ့ ရဲတွေထိသွားတာပါ။ ဆေးရုံပို့နေတုန်း လမ်းတင်ဆုံးသွားတယ် ” လို့ သူကပြောပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဒေသကာကွယ်ရေး ပြောက်ကျားအဖွဲ့တွေက ဒီသတင်းရေးသားနေချိန်အထိ ထုတ်ပြန်ထားတာရှိသေးသလို ဘယ်အဖွဲ့လုပ်ဆောင်တယ်ဆိုတာ DNA ကရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

” အဲဒီရုံးရှေ့ ကလမ်းတွေပေါ်မှာကို စစ်တပ်ကဂုန်းတွေလုပ်တာထားတာ မနည်းဘူး။ ဗုံးနဲ့ ပစ်ပြေးဖို့တော့ မလွယ်ဘူး။ ပါဆယ်ဗုံးကွဲတာနဲ့တူတယ်။ စစ်ဆေးရေးကတော့ ထုံးစံအတိုင်းရှိတာပေါ့။ အရင်ကတော့ အဲရုံးရှေ့မစစ်ပါဘူး ” လို့ အမရပူရမြို့နယ် ဒေသခံ တဦးကပြောပါတယ်။

အလားတူပဲ ဒီကနေ့မနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ လမ်း(၈၀)၊ (၇)လမ်းနှင့် (၈)လမ်းကြားမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် (၁၉/) ရာအိမ်မှူး ဦးစိုးနိုင်နဲ့ အကွက် (၁၉/က)ရာအိမ်မှူး ဦးဝင်ကိုဆိုသူ နှစ်ဦးသေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလူ နှစ်ဦးကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ ဦးကသေနတ်နဲ့ ပစ်ခတ်သွားလို့ ဆိုပါတယ်။မန္တလေးမှာ မနေ့က မတ်လ ၂၁ ရက်ကလည်း ချမ်းအေးသာစံမြို့နယ် ၈၃ လမ်း ၃၄ လမ်းနဲ့ ၃၅ လမ်းကြားရှိ တိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနရုံးအတွင်း လက်ပစ်ဗုံးနဲ့ အထုခံရလို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကောင်စီကို ဝင်ငွေရအောင် အခွန်ကောက်ခံတာတွေလုပ်နေတဲ့အတွက် အနီးကပ်ဗုံးထုတိုက်ခိုက်ခဲ့တာလို့ အောင်စည်တော် စစ်ဆင်ရေး (မန္တလေး) ကထုတ်ပြန်အသိပေးထားပါတယ်

စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် အစိုးရဝန်ထမ်းအပါအဝင် လူပေါင်း ၅၄၄၃ ဦးသေဆုံးပြီး ၄၅၇၇ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။