မန္တလေးမှာကျူးကျော်လို့ဆိုကာ စစ်ကောင်စီကအိမ်ခြေငါးရာဝန်းကျင်ဘူဒိုဇာနဲ့ထိုးဖျက်နေပြန်

မတ်၊ ၂၂

အာဏာသိမ်းပြီးကတည်း မြို့ကြီးတွေမှာ ကျူးကျော်ဆိုတဲ့စွပ်စွဲချက်နဲ့ နေအိမ်နဲ့ဆိုင်ခန်းဖျက်သိမ်းဖယ်ရှားမှု တွေဆက်တိုက်လုပ်နေတဲ့စစ်ကောင်စီဟာ လက်ရှိမန္တလေးမြို့မှာ အလားတူဖယ်ရှားမှုတွေ နှစ်ရက်ဆက် လုပ် နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ကန်ကြီးကုန်းနဲ့ ဇီးအုပ်ရွာဘက်က နေအိမ်တွေကို စစ်အုပ်စုက ကျူးကျော်တွေလို့ဆိုပြီးကြိုတင်အသိပေးမှုလည်းမရှိဘဲ ဘူဒိုဇာနဲ့ထိုးဖျက် ဖယ်ရှားနေတာလို့ အဲ့ဒီကဒေသခံတွေကပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် ၄၉ လမ်းနဲ့ ၄၇ လမ်းကြား ၁၂၅ လမ်းနဲ့ ၁၃၀ လမ်းအနီး၊ ဇီးအုပ်ရွာ အဝင်နေရာက နေအိမ်တွေကို စစ်အုပ်စုက ဘူဒိုဇာနှစ်စီးအသုံးပြုပြီး မနေ့ကနဲ့ ဒီကနေမနက်ပိုင်းတွေမှာ ဖျက်ဆီးနေတာလို့ဆိုပါတယ်။

” ဘာမှလာမပြောဘူး၊ကားနဲ့တွေနဲ့ရောက်လာပြီး တနာရီအတွင်း အိမ်တွေဖယ်ကြတော့လို့ပြောပြီး ဝင်ဖျက်သွားတာပါ၊တချို့ကလည်း ကိုယ်အိမ်ပြန်သုံးလို့ရအောင် သေချာဖျက်ချင်ပေမယ့်မရလိုက်ဘူးလေ၊ ဂေါ်ကြီးနဲ့ထိုးချ လိုက်တော့ အကုန်ပျက်တာပေါ့၊အိုးခွက်ပန်ကန်တွေလမ်းဘေးဒီအတိုင်းပုံထားရတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်အုပ်စုက အဲဒီကျေးရွာ နှစ်ခုအနီးကနေအိမ်တွေကို အဝင်အထွက်လမ်းတွေပိတ်ဆို့ကာ စစ်တပ်နဲ့ ရဲအင်အားအများအပြားအသုံးပြုပြီးဖျက်ဆီးနေတာဖြစ်သလို အဖျက်ခံရတဲ့နေအိမ်တွေထဲမှာ တိုက်တာအဆောက်အဦးအကြီးတွေလည်း ပါတယ်လို့ ဆိုကြပါတယ်။

” ၄၉ လမ်းအရှေ့ဖက်ကပ်လျက်က အိမ်တွေဆိုတော့ တချို့သုံးထပ်တိုက်တွေတောင်ပါတယ်၊အကုန်ဖျက်ခံရတာဗျ၊အိမ်ခြေ ငါးရာနီးပါးလောက်ရှိမယ်၊ အဲဒီနားတဝိုက်ဆိုရင် မနည်းဘူးဗျ၊ကျူးကျော်ဆိုပြီးတော့သာ ဖျက်တာတ ကယ်တမ်းသူတို့လည်း ဘာမှမလုပ်ဘူးဗျ ဒီအတိုင်းဖျက်ထားခဲ့တာပါ၊လူတွေကိုဒုက္ခပေးနေသလားတောင် ထင်ရတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်အုပ်စုက ပြည်ကြီးတံခွန်မြို့နယ်အတွင်း ကျူးကျော်ဆိုပြီးနေအိမ်တွေဖျက်ဆီးခဲ့တဲ့နေရာတွေမှာ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ခြံစည်းရိုးတွေ အုတ်တံတိုင်တွေ အခိုင်အမာ ပြန်ဆောက်နေရာယူထားတာ တွေလည်းရှိနေ တယ်လို့ ဒေသခံတွေကပြောပါတယ်။

” အိမ်တွေကျတော့ အတင်းဖျက်တယ်၊ အခုကျတော့ အဲဒီနားမှာ အုတ်တံတိုင်းတွေခတ်ပြီး ဘယ်သူမှ မဝင်ရဆို ပြီးတောင် စာရေးထားတယ်၊တကယ်တမ်းက အဲဒီနေရာတွေက အဆင့်ဆင့်ရောင်းအဝယ်တွေ လုပ်ခဲ့ကြတာ ပေါ့၊အခုမှာ လက်နက်အားကိုးနဲ့ မင်းတို့ဖယ်ကြငါ့တို့နေမယ်ဆိုပြီးလုပ်တာပေါ့ ” လို့ သူကဆိုပါတယ်။

အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်အုပ်စု စည်ပင်ပိုင်မြေကိုကျူးကျော်တာ၊ရထားလမ်းနယ်မြေအတွင်း ကျူး ကျော်တာဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း သောင်းချီရှိနေပါတယ်။အလားတူ ရန်ကုန်၊ ပဲခူး စတဲ့ မြို့ကြီးတွေမှာလည်း ကျူးကျော်လို့ ဆိုကာ ဖျက်သိမ်းဖယ်ရှားခံရတဲ့ နေအိမ်တွေနဲ့ဈေးဆိုင်ခန်းတွေ သောင်းချီရှိ ခဲ့ပါတယ်။

ဓာတ်ပုံ – DNA