နျူကလီးယား အစိတ်အပိုင်းပါတဲ့ လက်နက်တွေ ယူကရိန်းကို ထောက်ပံ့နေကြောင်း ရုရှားစွပ်စွဲချက်ကို ဗြိတိန်ငြင်းဆို

မတ်၊ ၂၂

နျူကလီးယား အစိတ်အပိုင်းတွေပါတဲ့ စစ်လက်နက်မျိုးတွေ ယူကရိန်းကို ထောက်ပံ့ပေးနေကြောင်း ရုရှားရဲ့ စွပ်စွဲချက်ကို ဗြိတိန်က ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

ဗြိတိန် အစိုးရဟာ ယူကရိန်းကို ခန်းခြောက် ယူရေနီယမ် ဓာတ်သတ္တုတွေ ဖွဲ့စည်းပါဝင်တဲ့ လက်နက်ကြီး ကျည်ဆန်တွေ ထောက်ပံ့ဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တကယ်လို့ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေကသာ နျူကလီးယား အစိတ်အပိုင်းပါတဲ့ လက်နက်တွေ ယူကရိန်းကို ပံ့ပိုးမယ်ဆိုရင် ရုရှားကလည်း လုပ်သင့် လုပ်ထိုက်တာကို တုံ့ပြန်ရလိမ့်မယ်လို့ သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

ဗြိတိန်ကတော့ ခန်းခြောက် ယူရေနီယမ်တွေကို ထည့်သွင်း အသုံးပြုထားပြီး သံချပ်ကာတွေကို ဖောက်ထွင်းနိုင်တဲ့ လက်နက်ကြီး ကျည်ဆန်တွေ ယူကရိန်းဆီ ထောက်ပံ့သွားမယ် ဆိုတာကို အတည်ပြုခဲ့ပေမယ့် အဲဒီ လက်နက်တွေကြောင့် ရေဒီယို သတ္တိကြွမှု ဖြစ်နိုင်ခြေ မရှိသလောက် နည်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ခန်းခြောက် ယူရေနီယမ် ဆိုတာက စစ်လက်နက်တွေမှာ သာမန် စံသတ်မှတ်မှု အဆင့်ထဲ ပါဝင်တဲ့ ပစ္စည်းသာဖြစ်ပြီး နျူကလီးယား လက်နက်တွေနဲ့ ဘယ်လိုမှ မပတ်သက်ဘူးလို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အရမ်းသိပ်သည်းပြီး သံချပ်ကာတွေကို ဖောက်ခွင်းနိုင်တဲ့ ခန်းခြောက် ယူရေနီယမ် ထိပ်ဖူးတွေကို ဗြိတိန် စစ်တပ်မှာ အသုံးပြုလာတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒီကိစ္စကို ရုရှားက သိထားလျက်နဲ့ သတင်းအမှားဖြန့်ပြီး နျူကလီးယား အစိတ်အပိုင်းတွေ ပါဝင်သလိုလို စွပ်စွဲနေတာသာ ဖြစ်ကြောင်း၊ ဒီလက်နက်တွေကို အသုံးပြုလို့ လူ့ပတ်ဝန်းကျင်မှာ ရေဒီယို သတ္တိကြွမှုတွေ ဖြစ်နိုင်ခြေ အရမ်းနည်းတယ် ဆိုတာကို လွတ်လပ်တဲ့ သုတေသန အဖွဲ့တွေက စစ်ဆေး အတည်ပြုထားပြီးဖြစ်ကြောင်း ဗြိတိန်ဖက်က တုံ့ပြန် ဖြေရှင်းခဲ့ပါတယ်။

ဗြိတိန် သံချပ်ကာတပ်ဖွဲ့ အကြီးအကဲဟောင်းနဲ့ ဓာတုလက်နက် ပညာရှင် ဗိုလ်မှူးကြီး ဟာမစ်ရှ် ဘရီတန် ဂေါ်ဒွန်ကလည်း ပူတင်ရဲ့ စကားတွေဟာ ဖန်တရာတေနေတဲ့ သတင်းမှား ဖြန့်မှု ပုံစံဟောင်း တခုသာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးတော့ ဗြိတိန်ရဲ့ Leopard 2 တင့်ကားတွေအတွက် အမြောက်ဆန်တွေမှာ သုံးနေတဲ့ ခန်းခြောက် ယူရေနီယမ် ပမာဏကလည်း နည်းနည်းလေးသာ ဖြစ်တယ်လို့ သူက ဆိုတယ်။

ခန်းခြောက် ယူရေနီယမ် ဆိုတာဟာ သဘာဝ ယူရေနီယမ်ကို သန့်စင်ပြီး ကြွင်းကျန်နေတဲ့ အပိုင်းတွေကို ခေါ်တာပါ။ ယူရေနီယမ် သတ္တုဟာ နျူကလီးယား စွမ်းအင်အတွက် အရေးအကြီးဆုံး အခြေခံ လိုအပ်ချက်ဖြစ်ပြီး လက်နက် ထုတ်လုပ်မှုတွေရော၊ နျူကလီးယား ဓာတ်ပေါင်းဖိုတွေမှာ သုံးစွဲဖို့ အတွက်ပါ အရေးပါနေပါတယ်။

ခန်းခြောက် ယူရေနီယမ်ဟာ အစိုင်အခဲ အခြေအနေမှာ အပျော့စား ရေဒီယို သတ္တိကြွမှုမျိုး ရှိပေမယ့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဆင့်ထိ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ သတ္တုဟာ အရမ်းလေးလံပြီး ခဲထက် ၁.၇ ဆ သိပ်သည်းပါတယ်။ အဲဒီ သတ္တုတွေဟာ လက်နက်ကြီး ထိပ်ဖူးတွေ ပိုမိုမာကျောအောင် တည်ဆောက်ဖို့ အသုံးဝင်ပြီး အမာထည် သံချပ်ကာတွေနဲ့ သံမဏိတွေကို ဖောက်ထွင်းနိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။

Ref: BBC