ဘီးလင်းမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တဦး ထိခိုက်ဒဏ်ရာရ

မတ်၊ ၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာမှာ မနေ့မတ်လ ၂၁ ရက်ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့  လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးကာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

မနေ့ည ၇နာရီကျော်လောက်မှာ  ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်အကြားမှာ ရှိတဲ့ သံတံတားစစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီ အမှတ်(၃၁၀) အမြောက်တပ်တို့က ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာဘက်ကို လက်နက်ကြီး ၆ လုံးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ကရဝေးဆိပ်ကျေးရွာက  ဦးကုလား ဆိုသူရဲ့ နေအိမ်ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်မှာ ရှိတဲ့ မိသားစုဝင် ၂ ဦးသေဆုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကတော့ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

“ ည ၇ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ စပစ်တာတာ အားလုံးပေါင်း ကျွန်တော်ရေတွက်ထားတာ ၆လုံးလောက်ရှိတယ်။ ကိုကုလားတို့အိမ်ပေါ်ကျတော့ သူ့အိမ်မှာရှိနေတဲ့ သူ့မောင်နှမလင်မယားလည်းထိတယ်။စုစုပေါင်းနှစ်ယောက်သေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ ဒဏ်ရာရသွားတယ်’’ လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅၀ နှစ်ကျော်အရွယ် ဦးကုလားမှာ နေအိမ်မှာပဲ ပွဲချင်းသေဆုံးခဲ့ပြီး အသက် ၃၀ နှစ်အရွယ် ကိုအောင်လွင်ကတော့ ဆေးရုံပို့ဆောင်စဉ် လမ်းမှာ သွေးထွက်လွန်ပြီး သေဆုံးခဲ့ကာ ကိုအောင်လွင်ရဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်သည်ကတော့ လက်နက်ကြီးကျည်ရှပ်ထိဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ လည်းဆက်သိရပါတယ်။

ဒီပစ်ခတ်မှုမဖြစ်ပွားခင်မှာ ဘီးလင်းမြို့နယ် သပြေနီးကျေးရွာစစ်ကောင်စီသံတံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ နှစ်ကြိမ် ဒရုန်းနဲ့ တိုက်ခိုက်တဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ‌ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ဘီးလင်းမြို့နယ်မှ KNU, PDF လှုပ်ရှားရာကျေးရွာဘက်တွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ် ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကဆိုပါတယ်။

“ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဘက်က မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဒရုန်းနဲ့ သွားချတာပါ။ထိခိုက်မှုအခြေအနေတော့ ကျွန်တော်တို့တွေ စုံစမ်းနေတုန်းပဲ၊ ကျွန်တော်တို့ကတော့ အလျင်းသင့်ရင် သင့်သလို ဝင်ချနေတာပဲ။ အဲဒါ ဒီကောင်တွေ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းပစ်တာ။ဒီလိုမျိုးအရပ်သားသေဆုံးမှုတွေအတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်’’ လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာလည်း ဘီးလင်းမြို့နယ် အဝင်းကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ကြောင့် အသက် ၆ နှစ်အရွယ်ကလေးတဦးသေဆုံးခဲ့ပါတယ်။

သထုံခရိုင်မှာ မတ်လအတွင်းပဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ၅ ကြိမ်ထက်မနည်းရှိပြီး အဲဒီမှာ အသက်အပြည့်သေးတဲ့ ကလေးအရွယ်အပါအဝင် ၅ ဦးသေဆုံးကာ ၄ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DNA က ပြုစုထားတဲ့ စာရင်းတွေအရသိရပါ တယ်။

မွန်ပြည်နယ်မှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့ ပြည်သူ (၅၁)ဦး ရှိပြီးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ – CJ