အတင်းအကျပ်ငွေတောင်းမှုတွေကြောင့် လပွတ္တာကငါးဖမ်းစက်လှေတွေအခက်တွေ့နေ

မတ် ၊ ၂၀

ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်ကိုင်းသောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအသစ်တို့ပူး ပေါင်းပြီးကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေတွေကို ငွေကြေးသိန်းချီတောင်းခံတာကြောင့် အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

လပွတ္တာမြို့နယ်ကိုင်းသောင်ကျေးရွာက NLD အ စိုးရလက်ထက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီကအခုလ ပထမပတ်မှာ ဖယ်ရှားကာ ကြံ့ခိုင်ရေးပါတီဝင်တဦးကို အစားထိုးခန့်အပ်ပြီးနောက် အခုလိုအတင်း အကျပ်ငွေတောင်းခံမှုတွေရှိလာတာလို့ဆိုပါတယ်။

ကြံံ့ခိုင်ရေးပါတီရဲ့ကျေးရွာစည်းရုံးရေးမှူးဆိုသူကိုအသစ်ခန့်အပ်ကာစစ်တပ်နဲ့ပူးပေါင်းပြီး ကျေးရွာအနီးလာရောက်နေတဲ့ကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေတွေကိုငွေကြေးအတင်းအကျပ်တောင်းခံနေတာဖြစ်တယ်လို့ ကိုင်းသောင်ကျေးရွာဒေသခံတဦးကပြောပါတယ်။

” ရွာထဲကိုဝင်လာရင်သင်္ဘောဆိပ်ရှိမယ်သင်္ဘောဆိပ်မှာကရေကင်းချထားတယ်၊စစ်သားတွေကိုကင်းသ ဘောချထားတယ်၊ရွာကအုပ်ချုပ်ရေးမှူးလည်းပါတယ်၊ပင်လယ်ထွက်မယ်ဆိုရင်စက်လှေငယ်ဖြစ် ဖြစ်စက်လှေကြီးပဲဖြစ်ဖြစ်ရွာအဝင်အထွက်တံဆိပ် တုံးထုရတယ်။ပင်လယ်ကပြန်ဝင်လာရင်လည်းငါးရရင်ငါးပေးရတယ်၊မပါရင်ငွေငါးထောင်ကျပ်ကနေ တသိန်းအထိအတင်းတောင်းတယ်” လို့သူကဆိုပါတယ်။

ပြီးခဲ့တဲ့NLDအစိုးရလက်ထက်မှာ စက်လှေအမျိုးအစားအလိုက် ကမ်းဝေးငါးဖမ်းစက်လှေကြီးတွေကိုလိုင်စင်အခွန်ဆောင်ခိုင်းတာရှိခဲ့ပြီးကမ်းနီးငါးဖမ်းစက်လှေတွေအပေါ်ဖြေလျော့ပေးခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေအားလုံးကို ဧရာဝတီတိုင်းစစ်ကောင်စီကအတင်းအကျပ်လိုင်စင်လုပ်ခိုင်းနေတဲ့အပြင် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကပါနေ့စဥ်ငွေကြေးတောင်းခံနေတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

ကမ်းနီးငါးဖမ်းစက်လှေငယ်တစီးကိုမြို့နယ်လိုင်စင်ကြေးသုံးသောင်းကျပ်နဲ့ ကမ်းဝေးငါးဖမ်းစက်လှေကြီးတွေကိုတိုင်းလိုင်စင်အရ ငွေကျပ် ဆယ်သိန်းဝန်းကျင်နှစ်စဥ်ဆောင်ခိုင်းတာရှိနေတယ်လို့ကမ်းဝေးငါးဖမ်းစက်လှေပိုင်ရှင်တဦးက ပြောပါတယ်။

“ကမ်းနီးလှေငယ်လေးတွေကအရင်အမေစုလက် ထက်မှာလိုင်စင်ဆိုပြီးမရှိဘူး၊ကမ်းဝေးပိုက်ချတဲ့စက်လှေကြီးတွေကျတော့လိုင်စင်ရှိတယ်၊တိုင်းလိုင်စင်ဆောင်ရတယ်၊အခုဟာကမြို့နယ်လိုင်စင်ပေါ့တနည်း​ပြောရရင်လုပ်စားပေါ့” လို့သူကဆိုပါတယ်။

ကိုင်းသောင်ကျေးရွာနဲ့အနီးတဝိုက်က ဝါးတောကုန်းကျေးရွာတို့မှာကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေအ စီး တရာကျော်ရှိနေပြီးစစ်တပ်နဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ဒေသခံရွာသားတွေအပေါ် နေ့စဥ်ငွေကြေး (၁၀)သိန်းထက်မနည်းအတင်းကျပ်တောင်းခံနေတာဖြစ်တယ်လို့လည်းဒေသခံတွေက တွက်ချက်ပြောပြပါတယ်။

ဒါ့အပြင်လပွတ္တာမြို့ကိုသွားတဲ့ရေလမ်းခရီးကပ္ပလီပင်လယ်ပြင်အနီး၊ဧရာဝတီမြစ်ဝနဲ့ပိုးလောင်ကျေး ရွာတွေအနီးမှာလည်းခမရ(၅၅၆)နဲ့ စစ်ကောင်စီရေ တပ်တို့ကစစ်သင်္ဘောနဲ့ကင်းချတာတွေရှိနေကာစစ် ဆေးရေးတင်းကျပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကိုင်းသောင်ကျေးရွာဟာကပ္ပလီပင်လယ်ပြင်နဲ့နီးစပ်တဲ့ကျေးရွာတရွာဖြစ်ပြီး ဒေသခံအများစုဟာပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။