ဒါရိုက်တာစတီးလ်ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးပို့စစ်ဆေးနေ

မတ် ၊ ၂၀
ရန်ကုန်တိုင်း၊ သန်လျင်မြို့မှာနေထိုင်တဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို  ဒီကနေ့ မတ်လ ၂၀ ရက်မနက်ပိုင်း မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့မိသားစုဝင်တွေနဲ့  နီးစပ်သူတွေက ပြောပါတယ်။

 သန်လျင်၊ အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ ဒါရိုက်တာစတီးလ်ရဲ့ နေအိမ်ကို မနက်ကိုးနာရီခန်ကမှာ သန်လျင်မြို့မရဲစခန်းကနယ်ထိန်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရှာဖွေခဲ့တာဖြစ်ပြီး အိမ်ကလူတွေကိုဖုန်းဆက်ပြီး ခေါ်ဆောင်ခိုင်းတာလို့ဆိုပါတယ်။ “သူတို့လာတုန်းကအိမ်မှာမန်နေဂျာရယ်၊့အမေရယ်၊ ့မိန်းမရယ်၊သူ့လက်ထောက်မန်နေဂျာရယ်ရှိတာ။ ကိုစတီလ်းကကလေးနှစ်ယောက်ကိုကျောင်းသွားပို့တာ၊ အိမ်ကလူတွေကို စစ်ကောင်စီတပ်သားတွေက မပြေးဖို့ ဖုန်းဆက်ပြောခိုင်းတယ်။ အိမ်ကိုချိပ်ပိတ်မယ်ပြောလို့ ပြန်လာတော့ နာရီစင်နားမှာပဲ ပိတ်ဖမ်းသွာတးယ်’’ လို့ မိသားစုနဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။

ဒါရိုက်တာစတီးလ်ကို ဆန္ဒပြပွဲတွေမှာပါဝင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးပေးဖို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တွေကနေဆက်တိုက် လှုံ့ဆော်ပြီးတဲ့နောက် အခုလိုဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့မိသားစုနဲ့ နီးစပ်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

သူဟာမကြာသေးခင်က ခေတ်သစ်သတင်းဌာနက ‘’နိုင်ငံတကာအဆင့်မီပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှုကိုသင်ကြားခြင်းပိတ်ပင်ရန် ဥပဒေထုတ်ပြန် တားမြစ်အရေးယူဖို့ စစ်ကောင်စီက ညွှန်ကြားတယ်ဆိုတဲ့သတင်းကို လူမှုကွန်ရက်မှာပြန်လည်မျှဝေခဲ့လို့ဆိုပါတယ်။

အဲဒီအတွက် စစ်ကောင်စီဝါဒဖြန့်ချိရေးတယ်လီဂရမ်ဖြစ်တဲ့ ဟန်ငြိမ်းဦးအကောင့်ကနေ ဒါရိုက်တာစတီးလ်ကို မဖမ်းသေးဘူးလားဆိုပြီး မတ်လ ၁၈ ရက်က တင်ထားခဲ့တယ်လို့လည်း သိရပါတယ်။

ဧရာဝတီသတင်းဌာန မြန်မာပိုင်းကတော့အာဏာသိမ်းစစ်ခေါင်းဆောင်ပိုင်တဲ့ ရန်ကုန်မြို့၊ မိုးကောင်းရတနာဆေးရုံးဝန်းအတွင်းမှာတည်ဆောက်ထားတဲ့ မြဝတီမီဒီယာစင်တာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဒါရိုက်တာစတီးလ်ရဲ့ ‘တောင်းဆုတခုပြည့်စေသား’ ရုပ်ရှင်ဇာတ်ကား Red Carpet Show ပြခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲဒီဇာတ်ကားဟာ အာဏာသိမ်းစစ်ကောင်စီအတွက်ဝါဒဖြန့်ဖို့ ဇာတ်အိမ်တည်ဆောက်ထားတဲ့ ဇာတ်ကားဖြစ်တယ်လို့လည်း အဲဒီသတင်းမှာဖော်ပြထားပါတယ်။

 အခုနောက်ဆုံးသိရတဲ့အခြေအနေအရ စစ်ကြောရေရောက်နေပြီလို့ သိထားတယ်’’ လို့လည်း မိသားစုနဲ့ နီးစပ်သူတွေကဆိုပါတယ်။ ဒါရိုက်တာစတီးဟာနှလုံးရောကာ၊ဆီးချိုရောဂါအခံရှိသူတဦးဖြစ်ပြီးအာဏာသိမ်းပြီးနောက်ပိုင်းရိုက်ကူးရေးလုပ်ငန်းတွေရပ်နားထားပြီးရန်ကုန်မြို့ရွှေဂုံတိုင် ပုလဲကွန်ဒိုက Daily Heart ချစ်တီး ထမင်းဆိုင်မှာဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာဖြစ်တယ်လို့လဲဆက်သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ၂၀၂၃ ခုနှစ်၊  မတ်လ ၂၀ ရက်အထိ ၂ နှစ်ကျော်ကာလမှာ စစ်ကောင်စီဟာ လူပေါင်း ၁၆၈၃၇ ဦးကို ဖမ်းဆီးထားပြီး လူပေါင်း ၅၁၁၄ ဦးဟာ ထောင်ဒဏ်တွေကျခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP  က ဒီကနေ့ထုတ်ပြန်ထားပါတယ်။