တမူးက ဖမ်းဆီးမိတဲ့ ပီဒီအက်ဖ်နှစ်ဦးဆီက စစ်ကောင်စီက သတင်းရဖို့ကြိုးစားနေ

မတ်၊ ၂၀

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးရမိရာကနေ အခြားအဖွဲ့ဝင်တွေရဲ့ သတင်းအချက်အလက်ရဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
 
ပီဒီအက်ဖ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးတို့ဟာ မတ်လ ၁၈ရက်နေ့ နံနက်ပိုင်းက တမူးမြို့ထဲသို့ပြန်ရာကနေ ပီဒီအက်ဖ်အမျိုးသမီးရဲ့ မိခင်က သွားရောက်ဧည့်စာရင်းတိုင်ရာမှ လာရောက်ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေဒေသခံတွေက ဆိုပါတယ်။
 
” တမူးမြို့ထဲက အဓိကကတော့ စန္ဒကူးရပ်ကွက်ထဲက မိသားစုတွေ မလုံခြုံတော့ဘူးပေါ့ဗျာ။ ကလေးတွေဆိုတော့ ရိုက်နှက်ရင် ထွက်လာမှာပဲ။ အဲ့လိုဆို သူတို့ရော၊‌ တခြားမိသားစုတွေရော အန္တရာယ်မကင်းတော့တာပေါ့။ အခုထိတော့ ဘယ်သူ့ကို ဖမ်းတယ်လို့ မကြားမိသေးဘူး။ အဲ့ဒီကလေးနှစ်ယောက်ကို စစ်တပ်ထဲခေါ်သွားတယ်လို့ပဲ သိရတယ်” လို့ ပီဒီအက်ဖ်အဖွဲ့ဝင် မိသားစုတစုက ပြောပါတယ်။
 
အဲဒီပီဒီအက်ဖ်နှစ်ဦးဟာ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကနေ တမူးမြို့က မိဘအိမ်ကို သွားရောက်နေထိုင်ကြတာလို့လည်း ဒေသခံနီးစပ်သူတွေက ပြောကြပါတယ်။
 
သူတို့ ဖမ်းဆီးခံလိုက်ရတဲ့အတွက် ကျန်တဲ့ ပီဒီအက်ဖ်အဖွဲ့ဝင်တွေဟာလည်း လုံခြုံရေးအရ ဖွဲ့စည်းပုံပြောင်းရတာ၊ ပြင်ဆင်ရတာတွေကြောင့် အလုပ်များသွားခဲ့တယ်လို့ ပီဒီအက်ဖ်အဖွဲ့ဝင်တွေက ပြောပါတယ်။
 
တမူးမြို့က ပီဒီအက်ဖ်တပ်ရင်းရှိ တာဝန်ရှိသူတဦးက ” ‌သူတို့ဖော်လို့ ကျနော်တို့မိသားစုဝင်တွေ ပါသွားခဲ့ရင် စိတ်မကောင်းပါဘူး။ စကစဘက်က အတင်းအကျပ်မေးလို့ ဖော်ရတယ်ဆိုလည်း သူတို့လုံခြုံရေးကတော့ ဘယ်သူမှယူပေးမှာ မဟုတ်ဘူးလေ။ ကျနော်တို့မြို့အကြောင်း ကျနော်တို့ အသိဆုံးပါ ” လို့ ပြောပါတယ်။
 
လက်ရှိ တမူးမြို့အထက်ပိုင်း ကွန်းတောင်းဘက်တွင် စစ်ကောင်စီနဲ့ ပီဒီအက်ဖ်အဖွဲ့ဝင်တွေ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့မှု နေ့စဉ်ဖြစ်ပေါ်နေပြီး ဒီလက ၁၇ ရက်က ABSDF တပ်ရင်း ၅ က ရဲဘော်တဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့တာ ရှိပါတယ်။
 
ဒါ့အပြင် ဒီလ ၁၉ရက် ညနေပိုင်းမှာ တမူးမြို့၊ ကွန်းတောင်းရွာကို စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ အချက်သုံးဆယ်ခန့်မနည်း ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြားပါတယ်။
ဓာတ်ပုံ – Social Media