နျူကလီးယား တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ မြောက်ကိုရီးယားရဲ့ သရုပ်တူ လေ့ကျင့်မှုကို ကင်ဂျုံအန်း ကွပ်ကဲ

မတ်၊ ၂၀

နျူကလီးယားနဲ့ တိုက်ခိုက် ခံရမှုကို တုံ့ပြန်တဲ့ သရုပ်တူ လက်တွေ့ လေ့ကျင့်မှုမျိုးကို လုပ်ဆောင်ခဲ့ပြီး ခေါင်းဆောင်ကြီး ကင်ဂျုံအန်း ကိုယ်တိုင် ဦးစီး ကွပ်ကဲခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူးအတု တပ်ဆင်ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည်တစင်း လွှတ်တင်မှု အပါအဝင် ၂ ရက်ကြာ စစ်ရေး လေ့ကျင့်မှု တခုကို ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ခါးသီးပြိုင်ဘက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကိုရီးယား ကျွန်းဆွယ်တ​ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုကြီးတခု အရှိန်အဟုန်နဲ့ ပူးပေါင်း လုပ်ဆောင်နေချိန်မှာ မြောက်ကိုရီးယားကလည်း ကိုယ်ပိုင် စစ်ရေးလေ့ကျင့်မှု တခုကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

KCNA သတင်းဌာနရဲ့ အဆိုအရ မြောက်ကိုရီးယားရဲ့ စစ်ရေး လေ့ကျင့်မှုဟာ နိုင်ငံကို နျူကလီးယားနဲ့ တိုက်ခိုက်ခံရလို့ လက်တုံ့ပြန်တဲ့ သရုပ်တူ အခြေအနေမျိုး ဖန်တီးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ကင်ဟာ အဲဒီ စစ်ရေးလေ့ကျင့်မှုကို ကိုယ်တိုင်ကိုယ်ကျ ကွပ်ကဲခဲ့ပြီး ကျေနပ်နှစ်သိမ့်မှုအပြည့် ရှိခဲ့တယ်လို့လည်း KCNAက ဖော်ပြသွားပါတယ်။

ပြီးတော့ ဒုံးကျည်စမ်းသပ်တဲ့ နေရာမှာ သမီးဖြစ်သူနဲ့အတူ ရောက်ရှိနေတဲ့ ကင်ရဲ့ ဓာတ်ပုံတွေကိုလည်း KCNAက ထုတ်ပြန် ပြသခဲ့ပါတယ်။ မြောက်ကိုရီးယား လွှတ်တင်ခဲ့တဲ့ တိုက်ချင်းပစ် ဒုံးကျည်ဟာ ကီလိုမီတာ ၈၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းခဲ့ပြီး အမြင့် ၈၀၀ မီတာလောက်မှာ ရှိနေတဲ့ ပစ်မှတ်တခုကို တိတိကျကျ ထိမှန်ခဲ့တယ်လို့လည်း KCNAက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား တပ်ဖွဲ့တွေဟာ ထိရောက်တဲ့ တုံ့ပြန်နိုင်စွမ်းကို အခုလေ့ကျင့်မှု အစီအစဉ်မှာ ပြသခဲ့ကြောင်း၊ မြောက်ကိုရီးယားကို အဆင်ခြင်မဲ့ ရန်စ ကျူးကျော်တဲ့ လုပ်ရပ်တိုင်းဟာ နိုးနိုးကြားကြား ပြင်ဆင်ထားတဲ့ စစ်ရေး တုံ့ပြန်မှုတွေကို မျက်ဝါးထင်ထင် ကြုံတွေ့သွားမှာဖြစ်ကြောင်း ကင်ရဲ့ စကားကိုလည်း KCNAက ထပ်ဆင့်ကိုးကား ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ Freedom Shieldလို့ နာမည်ပေးထားတဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို အကောင်အထည် ဖော်ခဲ့တဲ့ တပတ်တာ ကာလအတွင်း မြောက်ကိုရီးယားဟာ ဒုံးကျည်တွေ ပစ်ခတ်ပြီး အင်အားပြ တုံ့ပြန်တာ ၄ ကြိမ်ထိ ရှိခဲ့ပြီး ဖြစ်ပါတယ်။ 

Ref: KCNA