မတ်၊ ၂၀
သူရော၊ ကစားသမား နှစ်ဦးကိုပါ တပြိုင်တည်း အနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ဖူလ်ဟမ်အသင်း မန်နေဂျာ မာကိုဆေးလ်ဗားက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
လန်ဒန် အခြေစိုက် ဘောလုံးကလပ် ဖူလ်ဟမ်ဟာ မတ် ၁၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေ ရှုံးထွက်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်ကို ပွဲပြီးခါနီး မိနစ် ၂၀ အလိုထိ ၁-၀ နဲ့ အသာစီး ယူထားပြီး အကြိုဗိုလ်လုပွဲနဲ့ အနီးစပ်ဆုံး ဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် မိနစ် ၂၀ မှာတော့ ယူနိုက်တက် ကစားသမား ဂျေဒန်ဆန်ချို ကန်သွင်းတဲ့ ဘောလုံးကို ဖူလ်ဟမ် ကွင်းလယ်လူ ဝီလျံက ဂိုးမဝင်ခင် လက်နဲ့ပုတ်ပြီး တားဆီးခဲ့တာကြောင့် ကွင်းလယ်ဒိုင် ခရစ္စ ကာဗန်နက်ဂ်က ဒိုင်လူကြီး အထောက်အပံ့ ဗီဒီယိုစနစ် (VAR) ပြန်ကြည့်ပြီး ဝီလျံကို အနီကတ်ပြ ထုတ်ပယ်ခဲ့သလို ယူနိုက်တက်ကို ပင်နယ်တီ ကန်ခွင့် ပြုခဲ့ပါတယ်။
အဲဒီနောက် ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုး သွင်းပေးထားတဲ့ တိုက်စစ်မှူး အလက်ဇန္ဒား မီထရိုဗစ်က ဒိုင်ကို မကျေမနပ်နဲ့ အပြင်းအထန် စောဒက တက်ခဲ့ရာမှာ ကိုယ်ထိလက်ရောက် တွန်းထိုးမိတာကြောင့် အနီကတ် ထိခဲ့ပြန်ပါတယ်။ ပေါ်တူဂီသား မန်နေဂျာ ဆေးလ်ဗား ကိုယ်တိုင်လည်း ဒိုင်က VAR ပြန်ကြည့်နေတာကို သွားပြီး စောဒက တက်မိလို့ အစောဆုံး အနီကတ် ထိနှင့်ထားခဲ့ပြီး ဖြစ်ပါတယ်။
မန်နေဂျာနဲ့ ကစားသမား နှစ်ယောက် အနီကတ် ထိခဲ့တဲ့အပြင် ပင်နယ်တီပါ ပေးခဲ့ရတဲ့ ဖူလ်ဟမ်ဟာ ၁-၀ နဲ့ အနိုင်ရနေရာကနေ ၃-၁ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက် ထွက်ခွာသွားခဲ့ရပါတယ်။ ဘောလုံးဥပဒေ စည်းမျဉ်းတွေအရ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက အငြင်းပွားစရာ သိပ်မရှိပေမယ့် ဆေးလ်ဗားကတော့ ဖူလ်ဟမ်ရဲ့ နစ်နာမှုတွေအတွက် ပေါက်ကွဲနေဆဲ ဖြစ်ပါတယ်။
ဖူလ်ဟမ်အတွက်တော့ ဆုံးဖြတ်ချက်တိုင်းက နားလည်ဖို့ ခက်ခဲနေကြောင်း၊ ပြောရမယ်ဆိုရင် အခုရာသီမှာ ကာဗန်နက်ဂ် ကိုင်တွယ်တဲ့ ပွဲစဉ်တွေတိုင်းမှာ ဖူလ်ဟမ်ဟာ ခက်ခဲတာတွေ ခဏခဏ ကြုံရကြောင်း သူက ပြောပါတယ်။ ဥပမာ အနေနဲ့ ဝက်စ်ဟမ်း ယူနိုက်တက်နဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်တုန်းက ဖူလ်ဟမ် ရသင့်တဲ့ ပင်နယ်တီ လက်ထိဘော နှစ်လုံးကို ကာဗန်နက်ဂ်က မျက်ကွယ်ပြုခဲ့ဖူးကြောင်း၊ လိဒ်စ်ယူနိုက်တက်နဲ့ နောက်ဆုံးကစားခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲစဉ်မှာလည်း သူ့ကြောင့် ဖူလ်ဟမ် ရုန်းကန်ခဲ့ရပြီး အခုတစ်ကြိမ်လည်း ဒုက္ခရောက်ရပြန်ပြီဖြစ်ကြောင်း ဆေးလ်ဗားက ညည်းညူသွားပါတယ်။
သူက အခုပွဲစဉ်မှာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောက အစောပိုင်းမှာ မီထရိုဗစ်ကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုနဲ့ ပတ်သက်ပြီး VARရဲ့ ကြားဝင်မှု မပါခဲ့တာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ သေချာပေါက် ပင်နယ်တီ ဖြစ်သင့်တဲ့ ကိစ္စကို ဒိုင်လူကြီးကလည်း ရှင်းရှင်းလင်းလင်း မြင်ကြောင်း၊ နောက်ပြီး VAR အခန်းထဲမှာ ဘယ်သူကမှလည်း ပြန်မစစ်ဆေးခဲ့ကြောင်း၊ တနည်းအားဖြင့် ဒီကိစ္စကို ပြန်မစစ်ချင်လို့ မျက်ကွယ် ပြုခဲ့တာလည်း ဖြစ်ချင် ဖြစ်နိုင်ကြောင်း၊ ကွာတားဖိုင်နယ် အဆင့်မျိုးမှာ နှစ်သင်းရဲ့ ရပိုင်ခွင့်တွေ မညီမျှဘူး ဆိုတာက လုံးဝ မဖြစ်သင့်ကြောင်း၊ ယူနိုက်တက်လို အသင်းကို သူတို့ အိမ်ကွင်းမှာ သွားယှဉ်ပြိုင်ရတိုင်း ဖိအားတွေ အများကြီးရှိပြီး ကွင်းလယ်ဒိုင်ကလည်း အဲဒီဖိအားတွေကို ခံစားနေခဲ့ပုံပေါ်ကြောင်း သူက ဆက်ပြီး ဝေဖန်သွားပါတယ်။
နောက်ပြီး အနီကတ်တွေနဲ့ ပင်နယ်တီ ပြစ်ဒဏ် မထိခဲ့ချိန်ထိ ဖူလ်ဟမ်ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်နေခဲ့တယ်လို့လည်း သူက အခိုင်အမာ ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။
မကြာသေးခင်ကမှ ဒိုင်တွေကို ကိုယ်တိုင်လည်း ဝေဖန်ထားဖူးတဲ့ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်ကတော့ မန်နေဂျာတွေ၊ ကစားသမားတွေဟာ စိတ်ခံစားချက်ပိုင်းကို ထိန်းသိမ်းနိုင်ဖို့ လိုတယ်လို့ မှတ်ချက်ပေးခဲ့ပြီး ဒါပေမဲ့ အဲဒီကိစ္စကလည်း ပြောသလောက် မလွယ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဥပမာ အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က သူဟာ ယူနိုက်တက်ကို ဆန့်ကျင်တဲ့ ဒိုင်ဆုံးဖြတ်ချက်တွေ တော်တော်များများကို မြင်တွေ့ခဲ့တဲ့နောက် အကြီးအကျယ် စိတ်ပျက်ပြီး ပေါက်ကွဲခဲ့မိကြောင်း၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားဖို့ ဆိုတာက ခက်ခဲလွန်းကြောင်း၊ တဖက်မှာလည်း ကွင်းလယ်ဒိုင်တွေက သူတို့ရဲ့ ဆုံးဖြတ်ချက်တိုင်းနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိဖို့လိုကြောင်း တန်ဟက်ဂ်က ထောက်ပြသွားခဲ့ပါတယ်။
Ref: Daily Mail