သာကေတရဲစခန်းမှာ ပစ်ခတ်ခံရတဲ့ ရဲတပ်သားတွေဓါတ်ပုံဖြန့်တယ်ဆိုပြီး ပရဟိတအသင်းနဲ့ ဒေသခံတချို့ကို ဆက်တိုက်ဖမ်းဆီး

မတ်၊ ၁၉

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က ရဲတပ်သားတချို့ ပစ်ခတ်ခံရပြီး သေဆုံးဒဏ်ရာရတဲ့ဓါတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတယ်ဆိုပြီး သာကေတ မြို့နယ်တွင်း ပရိဟိတအသင်းတခုနဲ့ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
 
သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်မှာရှိတဲ့ သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအပါအဝင် ရဲသုံးဦးကို အမည်မသိလူတချို့က ပစ်ခတ်သွားပြီးနောက် မတ်လ ၁၈ ရက်နေ့မှာ
လူမှုကွန်ရက်စာမျက်နှာနဲ့ သတင်းဌာနတွေမှာ ဒဏ်ရာရ ရဲတပ်သားတွေ ဓါတ်ပုံ ပျံ့နှံတယ်ဆိုပြီး မိုးစက်ပရဟိတအသင်း ဥက္ကဌအပါအဝင် ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
” ၁၇ရက်နေ့က ရဲသုံးယောက်ရဲ့Bodyတွေကို သယ်တာက အသင်းရဲ့ကားတွေနဲ့ သယ်တာလေ။ အဲ့ဒါကို အဲ့အချိန်မှာ အခင်းဖြစ်ဓာတ်ပုံကိုရိုက်တာ မိုးစက်အဖွဲ့က ရိုက်တာ။ ပြီးတော့ အဲ့ဒီဓာတ်ပုံတွေက သူတို့မုန်းတဲ့ မီဒီယာတွေမှာ ပါလာတဲ့အတွက် ဒီဓာတ်ပုံက သူတို့ဆီကထွက်တာဆိုပြီး အရင်ဆုံး အသင်းဥက္ကဌကို လာခေါ်သွားတာ “လို့ ၁၀မြောက်ရပ်ကွက်ရဲ့ ဒေသခံတဦးက ပြောပါတယ်။
 
အဲ့ဒီနောက် သာကေတ (၁၀) မြောက်ရပ်ကွက် လယ်ယာ (၅) လမ်းက လမ်းလူကြီးဟောင်းဦးစံမြင့်ကိုလည်း စစ်ကောင်စီက ည ၁၁နာရီမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလည်း ဆက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
 
လမ်းလူကြီးဟောင်း ဦးစံမြင့်ကိုတော့ စစ်ကောင်စီက ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
 
” အဓိကကတော့ ပစ်တာ၊ ခတ်တာတွေနဲ့မဆိုင်ဘူး။ အဓိကအဖမ်းခံရတာ ဒီကောင်တွေသေတဲ့ဓာတ်ပုံတွေနဲ့ အသုဘဖိတ်စာ လိုင်းပေါ်တက်လာလို့ပဲ။ အသင်းဥက္ကဌကို ဖမ်းပြီး ထပ်လိုက်ရင်းနဲ့ အဆက်ဆက်နဲ့ လာဖမ်းသွားတာ “လို့ ၁၀မြောက်ရပ်ကွက်ရဲ့ဒေသခံတဦးက ဆက်လက်ပြောပါတယ်။
 
အလားတူပဲ အမှတ် ၉ ရပ်ကွက်အတွင်းက ကိုမင်းမင်းဆိုသူကိုလည်း အဲဒီညမှာပဲ စစ်ကောင်စီက သွားရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းမမိတာကြောင့် ညီမဖြစ်သူနဲ့ သမီးနှစ်ယောက်ကို ခေါ်ဆောင်သွားတယ်လို့ နီးစပ်တဲ့ဒေသခံတွေက ပြောပါတယ်။
 
ကိုမင်းမင်းရဲ့ဇနီးဖြစ်သူကို မီဒီယာကို သတင်းဓာတ်ပုံပေးပို့တာ​ကြောင့် လာရောက်ဖမ်းဆီးတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
” အရင်ဆုံး ဒီပုံက ဒီအသင်းကထွက်တာဆိုတော့ ဥက္ကဌကို စစ်တာပေါ့။ လမ်းလူကြီးဟောင်းကိုကျတော့ ဘာလို့ လာခေါ်တယ်ဆိုတာတော့ မသိဘူး ကိုမင်းရဲ့မိန်းမကိုတော့ ဓာတ်ပုံတွေ၊ ဖိတ်စာတွေ ပေးလို့ လာဖမ်းတာ” လို့ ၁၀မြောက်ရပ်ကွက်ရဲ့ ဒေသခံတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အမှတ် (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းက ဝင်းကွန်ပျူတာ မိတ္တူဆိုင်မှာ ရဲသုံးဦးက မိတ္တူကူးနေချိန် အမည်မသိအမျိုးသားနှစ်ဦးက ရောက်ရှိလာပြီး သေနတ်နဲ့ ၁၂ ချက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
 
ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲ စောလေးဖောဟာ နေရာပဲပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲတပ်ကြပ်ကြီးကတော့ ရင်ဘတ်ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကျန်ရဲတပ်သားတဦးကတော့ ကျည်ဆံလက်မောင်းထိမှန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။