ချင်းပြည်နယ်ကိုဦးတည်တဲ့ စစ်ယာဉ်တန်း အကြိမ်ကြိမ်တိုက်ခိုက်ခံနေရပြီး ခရီးမတွင်ဖြစ်နေ

မတ်၊ ၁၈

မကွေးတိုင်းအတွင်းကနေ ချင်းပြည်နယ်ဘက်ဦးတည်ထွက်ခွာလာတဲ့ ကားအစီးရှစ်ဆယ်ကျော်ပါ စစ်ကောင်စီ ယာဉ်တန်းဟာ စတင်ထွက်ခွာချိန်ကတည်းက လက်ရှိယောဒေသထဲ ရောက်ချိန်အထိ မိုင်းဆွဲတိုက်ခိုက်မှု တွေ အ ကြိမ်ကြိမ်ရင်ဆိုင်နေရပြီး တပတ်အကြာအထိ မင်းတပ်မြို့ကိုရောက်မလာသေးဘူးလို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေကပြောပါတယ်။

 အဲ့ဒီစစ်ယာဉ်တန်းဟာ မကွေးတိုင်း ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)ကနေ မတ်လ ၁၀ရက်မှာ ကားအစီးရှစ် ဆယ်ပါယာဉ်တန်းနဲ့ စတင်ထွက်ခွာခဲ့တာပါ။ပခုက္ကူမြို့နဲ့ မင်းတပ်မြို့ဟာ မိုင်တရာနီးပါးသာ ကွာဝေးပြီး ပုံမှန် အားဖြင့် ကားနဲ့ သုံးနာရီဝန်းကျင်သာ သွားရတာပါ။

အဲ့ဒီစစ်ယာဉ်တန်းဟာ လမ်းတလျှောက် ပေါက်၊ကျောက်ထုနယ်တွေမှာတင် မိုင်းဆွဲတိုက်ခိုက်မှု တွေနဲ့ကြုံခဲ့ရပြီး သုံးရက်အကြာမှာတော့ ကျောက်ထု အမြှောက်တပ်ထဲရောက်လာတယ်လို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆ လိုင်းယောမာန်က သူ့ရဲ့ လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။

နောက်တရက်အကြာမှာ ကျောက်ထုအမြှောက်တပ်ထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားနှစ်ရာ ဝန်းကျင် က ရှေ့ကင်းအဖြစ်လိုက်ပါလာတဲ့ ကား(၃၂)စီး ပြန်လည်ထွက်ခွာလာပြီး မကွေးတိုင်းနဲ့ ချင်းပြည်နယ် အစပ် ထီးလင်း-ဂန့်ဂေါဘက်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။

 အဲ့ဒီယာဉ်တန်းဟာ ထီးလင်းမြို့ကနေ မတ် ၁၅ရက်မှာ ဂန့်ဂေါမြို့ဘက်ဦးတည်ကာ စတင်ထွက်ခွာပြီး လမ်းတ လျှောက်တိုက်ခိုက်ခံရမှုတွေကြောင့် ဒီကနေ့အထိ မိုင်နှစ်ဆယ်ဝန်းကျင်သာ ခရီးပေါက်သေးတယ်လို့ ထီးလင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ YRA ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက DNA ကိုပြောပါတယ်။

“ကျွန်တော်တို့တိုက်ခိုက်မှုစတဲ့မကျည်းပင်လမ်းခွဲကနေဆို နှစ်ညအိပ်သုံးရက်အတွင်း ငါးမိုင်လောက်ပဲခရီး ရောက်သေးတယ်” လို့ သူကဆိုပါတယ်။

ကျောက်ထုမြို့ကနေ ထီးလင်းမြို့ကိုဝင်ရောက်ပြီး ထီးလင်းမြို့ပေါ်ကနေပြန်ထွက်လာတဲ့ အဆိုပါစစ်ယာဥ်တန်း ဟာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို လမ်းတလျောက်ခံခဲ့ရတာဖြစ်ပါတယ်။

 စစ်ကောင်စီယာဥ်တန်းဟာ ထီးလင်းမြို့နဲ့ ခြောက်မိုင်ဝန်းကျင်အကွာက ရွှေခုံတိုင်ကျေးရွာအထိသာ တောက် လျှောက်ခရီးဆက်နိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီကျေးရွာဝန်းကျင်ကစလို့  ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ခရီးမတွင်နိုင်ဖြစ်နေတာပါ။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီယာဉ်တန်းမှာလိုက်ပါလာတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှု တွေရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပေမယ့် အသေးစိတ်မသိရသလို ဒီအခြေအနေတွေကို DNA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်ပါဘူး။

 ထီးလင်းမြို့နယ် ရွှေခုံတိုင်ကျေးရွာဝန်းကျင်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သုံးကြိမ်အထိ ကြား ဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့ YRA ကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေအတွင်း ဒေသခံတော်လှန်ရေးအင်အားစုဝင်နှစ်ဦးဒဏ်ရာရရှိပြီး လေးဦးပျောက်ဆုံးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ကား(၃၂)စီးပါအစစ်ကောင်စီယာဥ်တန်းဟာရှေ့ဆက်နိုင်ဖို့ ရှေ့ပြေးကင်းတွေထွက်တိုင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကိုခံနေရတဲ့အတွက် ရှေ့ဆက်တိုးဖို့ခက်နေတာဖြစ်တယ်လို့ ဒေသခံတချို့က လည်းပြော ပါတယ်။

“လမ်းတွေကပိတ်ထားတော့ ဘယ်သူမှအသွားအလာမရှိဘူး၊ စစ်ကောင်စီယာဥ်တန်းအနီးဝန်းကျင်ရွာတွေက လည်းရှောင်ကြတယ်၊သူတို့ရှေ့ကင်းထွက်လာလိုက် အတိုက်ခံရလိုက်ဖြစ်နေတယ်” လို့ ဒေသခံတဦး ကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီယာဥ်တန်းဟာ ရွှေခုံတိုင်ရွာက နေအိမ်ရှစ်လုံးကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် မျက်မမြင်အသက်ရှစ် ဆယ်ကျော်အဖွားအိုတဦးသေဆုံးခဲ့ရသလို ထိန်တိုင်းရွာက စိတ်မနှံ့သူတဦးနဲ့ အသက်ခုနစ် ဆယ်အရွယ် အမျိုး သားတဦးကိုလည်း သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီယာဥ်တန်းဟာ လက်ရှိအချိန်အထိ ထီးလင်းမြို့နယ်ထဲက ကန်စွန်ထောင့်ရွာအနီးမှာရှိနေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။

ကျောက်ထုအမြှောက်တပ်ကနေ ထီးလင်းဘက်ထွက်သွားတဲ့ ယာဉ်တန်းဟာ အဲ့ဒီလို တိုက်ခိုက်ခံနေရသလို ကျောက်ထုကနေ မင်းတပ်ဘက် တိုက်ရိုက်တက်လာတဲ့ ကား(၃၅)စီးပါ နောက်ထပ်ယာဉ်တန်းဟာလည်း အ လားတူ ရင်ဆိုင်နေရတယ်လို့ ဆလိုင်းယောမာန်ကဆိုပါတယ်။

ကျောက်ထုကနေ မတ်လ ၁၆ရက်မှာစတင်ထွက်ခွာပြီး မင်းတပ်ကိုလာတဲ့ ယာဉ်တန်းဟာ ကားနဲ့ နာရီဝက်ခရီး သာရှိတဲ့ (၁၈)မိုင်အကွာခရီးကို ညအိပ်ခရီးအဖြစ်သွားနေရပြီး မတ်လ ၁၇ရက်အထိ မင်းတပ်ရောက်မလာ သေး ဘူးလို့ သူကပြောပါတယ်။

ဓာတ်ပုံ – Yawmang FB/ Google Map