ICCရဲ့ ဖမ်းဝရမ်းက ပူတင်အပေါ် ဘယ်လောက် သက်ရောက်မှု ရှိနိုင်သလဲ

မတ်၊ ၁၈

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က အရေးကြီးတဲ့ ခြေလှမ်းတခု အနေနဲ့ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဖမ်းဝရမ်း ထုတ်လိုက်ပါပြီ။
 
ဒါပေမဲ့ အရေးကြီးတာက ဒီကိစ္စဟာ ပူတင်အပေါ် ဘယ်လောက်ထိ ထိခိုက်မှု ရှိလာနိုင်သလဲ၊ တကယ်ရော သက်ရောက်မှု ရှိပါ့မလား ဆိုတာတွေ ဖြစ်ပါတယ်။ ICC စွပ်စွဲထားတဲ့အတိုင်း ယူကရိန်း ကလေးငယ်တွေကို သူတို့ဆန္ဒ မပါဘဲ အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့တဲ့အတွက် စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တာကြောင့် ပူတင်ဟာ ဟိဂ်မြို့က တရားရုံးမှာ တကယ်ပဲ စွဲချက် အတင်ခံရမှာလား။
 
ICCရဲ့ ဆုံးဖြတ်ချက်အရ အဖွဲ့ဝင် နိုင်ငံတွေဟာ သူတို့ပိုင်နက်ထဲ ရောက်ရှိနေတဲ့ အချိန်ဆိုရင် သမ္မတ ပူတင်ရော၊ သူနဲ့အတူ ဝရမ်းထုတ်ခံရတဲ့ ရုရှား အစိုးရရဲ့ ကလေးများ အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မာရီရာ လာဗိုဗာ ဗီလိုဗာကိုပါ ဖမ်းဆီးခွင့် ရှိပါတယ်။
 
ICCရဲ့ ဆွဲချ ရှေ့နေတဦးဖြစ်တဲ့ ကာရင်မ်ခန်းက ICC အဖွဲ့ဝင် ၁၂၃ နိုင်ငံ ပိုင်နက်တွေထဲ ပူတင် ရောက်ရှိနေချိန် အဖမ်းခံရနိုင်ခြေ ရှိတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ပူတင်ဟာ အသွားအလာ ကိစ္စတော့ ကျပ်တည်းသွားမှာ အမှန်ပါပဲ။ ဒါပေမဲ့ သူ့ကို သက်ဆိုင်ရာ နိုင်ငံတွေက ဖမ်းပေးမလား ဆိုတာကတော့ သီးခြား မေးခွန်းတခု ဖြစ်ပါလိမ့်မယ်။
ICCမှာ ကိုယ်ပိုင် ရဲတပ်ဖွဲ့ မရှိပါဘူး။ ဖမ်းဝရမ်း ထုတ်တာဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့် အကုန်ပဲဖြစ်ပြီး ဖမ်းဆီးလိုသူကို လက်တွေ့ ဖမ်းနိုင် မဖမ်းနိုင် ဆိုတာနဲ့ ပတ်သက်ရင် အဖွဲ့ဝင် နိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့တွေကိုပဲ အလုံးစုံ မှီခိုရတဲ့ သဘောပါ။ နောက်ပြီး ICC အဖွဲ့ဝင် နိုင်ငံတွေ ကိုယ်တိုင်ကလည်း ဝရမ်းထုတ်ထားသူတိုင်းကို ဖမ်းပေးတာ မဟုတ်ပါဘူး။ အထူးသဖြင့် ပူတင်လိုမျိုး နိုင်ငံ အကြီးအကဲတွေကို ဖမ်းပေးရမယ်ဆိုရင် ပိုလို့တောင် လက်ရှောင်ကြပါသေးတယ်။
ထင်ရှားတဲ့ တခုအနေနဲ့ ဆူဒန် ခေါင်းဆောင်ဟောင်း အိုမာ အယ်လ်ဘာရှာဟာ ICCရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့တိုင် ICC အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ တောင်အာဖရိကနဲ့ ဂျော်ဒန်တို့ကို အကြိမ်တချို့ သွားရောက်ခဲ့ဖူးပါတယ်။ သူ့ကို ဘယ်နိုင်ငံကမှ မဖမ်းခဲ့ပါဘူး။ ၂၀၁၉ မှာ အယ်လ်ဘာရှာ အစိုးရ ပြုတ်ကျသွားပေမယ့်လည်း လက်ရှိ ဆူဒန် အစိုးရကလည်း သူ့ကို ICCလက် မအပ်သေးပါဘူး။
ကိုလံဘီယာ ဥပဒေကျောင်းက ပါမောက္ခ တဦးဖြစ်တဲ့ မက်သရူး ဝက်စ်မန်းက ICCဟာ အားကောင်းတဲ့ အရွေ့တခုကို ဖန်တီးပြလိုက်တယ် ဆိုပေမယ့်လည်း ပူတင်ကို ဖမ်းဖို့ ဆိုတာက မဖြစ်နိုင်သလောက် အခွင့်အရေး နည်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။
လက်တွေ့ အခင်းအကျင်းတွေကို ကြည့်ရင်လည်း ဝက်စ်မန်းရဲ့ သုံးသပ်ချက်က မမှားပါဘူး။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ အမေရိကန်နဲ့ တရုတ်တို့ဟာ ICC အဖွဲ့ဝင်တွေ မဟုတ်သလို ICCရဲ့ ဆုံးဖြတ်ချက်တိုင်းကို လေးစားလိုက်နာစရာ မလိုတဲ့ အဓိပ္ပါယ်ပါပဲ။ ယူကရိန်းကလည်း အဖွဲ့ဝင် နိုင်ငံ မဟုတ်ပေမယ့် ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ဆုံးဖြတ်ချက်ကိုတော့ အားပေး ထောက်ခံကြောင်း ပြောပါတယ်။
မော်စကိုမှာ ရှိနေတဲ့ ရုရှား အစိုးရဖက်ကတော့ ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICCရဲ့ လုပ်ရပ်ကို ရှုတ်ချပြီး ဘာအနှစ်သာရမှ မရှိတဲ့ စတန့်ထွင်မှု တခုလို့ တုံ့ပြန်ထားပါတယ်။ ပြီးတော့ ICCက ဝရမ်းထုတ်ရုံနဲ့ ရုရှားနိုင်ငံရော၊ ပူတင်ကိုယ်တိုင်ပါ ဘာထိခိုက် နစ်နာစရာမှ မရှိဘူးလို့လည်း ရုရှားက ဆိုပါတယ်။
ပူတင် အနေနဲ့ ယူကရိန်းမှာ ဖြစ်ပွားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ဝရမ်းထုတ်ခံရပါစေ၊ ဘယ်လိုပဲ စွဲချက်တင်ခံရပါစေ၊ ရုရှား အစိုးရ အပြောင်းအလဲ မဖြစ်သ၍ ပူတင်လည်း iCCမှာ စစ်ဆေးခံရမှာ မဟုတ်ဘူးလို့ လိုင်ဒန် တက္ကသိုလ် နိုင်ငံတကာ ဥပဒေကျောင်းက လက်ထောက် ပါမောက္ခ ဆစ်စလီရို့စ်က ပွင့်ပွင့်လင်းလင်း သုံးသပ်သွားပါတယ်။
ဒါပေမဲ့လည်း ယူကရိန်းကတော့ တချိန်ချိန်မှာ ပူတင်တယောက် ချောင်ပိတ်မိသွားနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲပါ။ သမိုင်းကို ပြန်ကြည့်ရင်လည်း မဖြစ်နိုင်ဘူးလို့ ထင်ရလောက်တဲ့ လူသိထင်ရှား ပုဂ္ဂိုလ် တချို့ဟာ ဟိဂ်မြို့က ခုံရုံးဆီ ရောက်လာခဲ့ကြဖူးတယ်လို့ ခန်းက ထောက်ပြပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဥပဒေ အထက်မှာ ရှိနေပါတယ်လို့ ထင်တလုံး ဖြစ်နေတဲ့သူတွေ ခုံရုံးထဲ ရောက်လာခဲ့တာ အထင်အရှား ရှိခဲ့ကြောင်း၊ ဆလိုဘိုဒန် မီလိုဆီဗစ်၊ ချားလ်စ်တေလာ၊ ရာဒိုဗန် ကာရက်ဒ်ဇစ်နဲ့ ရက်ကို မလာဒစ်တို့ရဲ့ ဖြစ်စဉ်တွေကို လေ့လာနိုင်ကြောင်း သူက ဆက်ပြောပါတယ်။
ဆာဘီးယား သမ္မတဟောင်း မီလိုဆီဗစ်ဟာ ယူဂိုဆလားဗီးယား စစ်ပွဲမှာ ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် တရားရင်ဆိုင်နေရင်း ၂၀၀၆ ခုနှစ်က ဟိဂ်မြို့၊ ခုံရုံးရဲ့ အကျဉ်းခန်းထဲမှာ သေဆုံးသွားခဲ့ဖူးပါတယ်။
ဘော့စနီးယား ဆာ့ဘ် ခေါင်းဆောင်ဟောင်း ကာရက်ဒ်ဇစ်နဲ့ သူ့ရဲ့ လက်ရုံး စစ်ခေါင်းဆောင် မလာဒစ်တို့ဟာ သူတို့ ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် ၂၀၀၈ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ အသီးသီး ဖမ်းဆီးခံရပြီး အခုတော့ နှစ်ယောက်စလုံး ထောင်ဒဏ် တသက်စီ ချမှတ် ခံထားရပါပြီ။
ဥပဒေ သတ်မှတ်ချက်တွေအရ ICCဟာ သံသယ တရားခံတွေကို မျက်ကွယ်မှာ တရားစီရင် စစ်ဆေးတာမျိုး လုပ်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ပူတင်၊ လာဗိုဗာ ဗီလိုဗာတို့ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဆက် ခရီးရောက်ဖို့ ICCက တခြား နည်းလမ်းတွေကို စဉ်းစားနေဦးမယ်လို့ ခန်းက ပြောပါတယ်။ ဥပမာ တခုအဖြစ် ပူတင်နဲ့ ဆက်စပ်တဲ့ တခြားစွဲချက်တွေကို ထပ်မံ တည်ဆောက်ပြီး ဒီအမှုနဲ့ ချိတ်ဆက်တာမျိုးတွေ ရှိကောင်း ရှိလာနိုင်သေးတယ်လို့ ခန်းက မှတ်ချက် ပေးသွားပါတယ်။
Ref – news18.com