အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးက ပူတင်ကို ဖမ်းဝရမ်းထုတ်

မတ်၊ ၁၈

ယူကရိန်း စစ်ပွဲမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ပူတင်အပြင် ရုရှားရဲ့ လူသိများတဲ့ အမျိုးသမီး နိုင်ငံရေးသမား တဦးဖြစ်သူ မာရီရာ လာဗိုဗာ ဘီလိုဗာကိုပါ ဖမ်း​ဝရမ်းတွေ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပူတင်နဲ့ ဘီလိုဗာတို့ဟာ ယူကရိန်းက ကလေးငယ်တွေကို ရုရှားနိုင်ငံ ပိုင်နက်ထဲ အတင်းအကျပ် ပို့ဆောင်မှုတွေအတွက် အဓိက တာဝန်ရှိသူတွေလို့ ICCက ပြောပါတယ်။ အဲဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း ICCက သတ်မှတ်ခဲ့ပါတယ်။

ဒါ့အပြင် ပူတင်ဟာ လက်အောက်ခံ ရုရှားစစ်တပ်တွေက စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ကိစ္စတွေကို ထိန်းသိမ်း တားမြစ်ဖို့ပါ ပျက်ကွက်ခဲ့တယ်လို့လည်း ICCက စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ရုရှားတပ်တွေက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ရုရှားအစိုးရ ထိပ်တန်း အရာရှိတွေကို နိုင်ငံတကာ ခုံရုံးတခုက တရားစွဲပြီး ဖမ်းဝရမ်းထုတ်တာ အခုတကြိမ် ပထမဆုံးပါပဲ။

ကရင်မလင် နန်းတော်ကတော့ ICCရဲ့ ဆုံးဖြတ်ချက်ဟာ ဆိုးရွားလှပြီး လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။ ရုရှားအနေနဲ့ ICCရဲ့ တရားစီရင် ဆုံးဖြတ်မှုကို အသိအမှတ် မပြုသလို အခုလို ကိစ္စမျိုးဟာ ရုရှားရဲ့ ဥပဒေ ရှုထောင့်တွေနဲ့လည်း လုံးဝ ဆီလျော် အံဝင်မှု မရှိဘူးလို့ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က Twitterမှာ ရေးသားခဲ့ပါတယ်။

ယူကရိန်း အစိုးရ ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ပွဲစတင်တဲ့နောက်ပိုင်း ယူကရိန်းက ကလေးငယ် ရာပေါင်းများစွာ ပျောက်ဆုံးခဲ့ပြီး ရုရှားက အတင်းအဓမ္မ ခေါ်ယူသွားတဲ့ အထောက်အထားတွေ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ICC အနေနဲ့ ပူတင်ကို ဖမ်းဝရမ်း ထုတ်ခဲ့ပေမယ့် ရုရှား သမ္မတကို စွဲချက်တင် စစ်ဆေးဖို့တော့ ဖြစ်နိုင်ဖွယ် မရှိပါဘူး။ အမေရိကန်၊ ယူကရိန်းနဲ့ တရုတ်တို့နည်းတူ ရုရှားဟာလည်း ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်သလို ခုံရုံးကလည်း မျက်ကွယ်မှာ တရားစီရင် ဆုံးဖြတ်တာမျိုးတွေ လုပ်လေ့ မရှိဘူးပါဘူး။

နောက်ပြီး သမိုင်းကြောင်းကို ပြန်ကြည့်ရင်လည်း ICCရဲ့ ဖမ်းဝရမ်း ထုတ်ခြင်းကို ခံရပေမယ့် လက်တွေ့မှာ အဖမ်းမခံခဲ့ရသူတွေ တော်တော်များများ ရှိခဲ့ပါတယ်။

သီအိုရီအရ ပြောရမယ်ဆိုရင် ပူတင်ဟာ ဝရမ်းထုတ် ခံလိုက်ရတဲ့အတွက် ICC အဖွဲ့ဝင် ၁၂၃ နိုင်ငံရဲ့ နယ်နိမိတ်တွေထဲ အလည်အပတ် ရောက်ရှိနေချိန်မျိုးမှာ အဖမ်းခံရနိုင်တဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ ICCမှာ ကိုယ်ပိုင် ရဲတပ်ဖွဲ့ မရှိတာကြောင့် သက်ဆိုင်ရာ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေကိုပါ အကူအညီ တောင်းခံရမှာပါ။ ဒီတော့ ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး လူပုဂ္ဂိုလ် တယောက်ကို ICCက အကူအညီတောင်းလို့ ဖမ်းပေးမယ့် ရဲတပ်ဖွဲ့မျိုးလည်း များများစားစား ရှိမှာ မဟုတ်ပါဘူး။

နိုင်ငံအများစုကလည်း ပူတင်လိုမျိုး နိုင်ငံခေါင်းဆောင်တွေကို ဖမ်းပေးဖို့ ကိစ္စကို လက်ရှောင်ကြပါတယ်။ အကြောင်းကတော့ သံတမန်ရေးရာ အကြီးအကျယ် ပြဿနာ တက်သွားနိုင်တာကြောင့်ပါ။ လေ့လာသူတွေကိုတော့ ပူတင်ကို ICC ဖမ်းဝရမ်း ထုတ်မှုဟာ လုပ်ထုံးလုပ်နည်းအရ ထိုးနှက်တဲ့ ရုပ်ပြသဘော ပိုဆန်တယ်လို့ သုံးသပ်ကြပါတယ်။

ဧပြီလတုန်းက ရုရှားရဲ့ ကလေးများ အခွင့်အရေး ကော်မရှင် အကြီးအကဲ တာဝန်ယူထားသူ ဘီလိုဗာက ယူကရိန်း ကလေးငယ် ၆၀၀ လောက်ကို ရုရှားပိုင် ကာ့စ်ခ်နဲ့ နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ် ဒေသတွေက မိဘမဲ့ ဂေဟာတွေဆီ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြောခဲ့တဲ့နောက် ကလေးတွေကို အခုလို တရားမဝင် နိုင်ငံရွှေ့ပြောင်းစေတာမျိုးက စစ်ရာဇဝတ်မှု မြောက်ကြောင်း ယူကရိန်းက ပြင်းပြင်းထန်ထန် စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

Ref: CNN